ဝါးခယ်မမြို့ NLD အမှုဆောင်အဖွဲ့ဝင်တွေကို တာဝန်ကနေ ရပ်ဆိုင်း

NLD ပါတီရဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးကို စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါတီတာဝန်က ရပ်စဲလိုက်တယ်လို့ NLD ပါတီက ပြောပါတယ်။

NLD ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကို ၂ဝ၁၉ ဇူလိုင် ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ် Photo: Thiha Tun/RFA

NLD ပါတီရဲ့  ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးကို စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါတီတာဝန်က ရပ်စဲလိုက်တယ်လို့ NLD ပါတီက ပြောပါတယ်။

ရွေးကောက်ပွဲနီးလာလို့ အမတ်လောင်းတွေ ရွေးချယ်နေတဲ့အချိန်မှာ အာဏာရပါတီ NLD က ဧရာဝတီတိုင်းထဲက မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တချို့ကို ပါတီက ထုတ်ပယ်တာ၊ တာဝန်က ရပ်ဆိုင်းတာတွေ ရှိလာနေပါတယ်။

ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ကျော်နဲ့ ဥက္ကဋ္ဌကို ပါတီတာဝန်က ရပ်စဲပြီး အတွင်းရေးမှူးကို ပါတီက ထုတ်ပယ်လိုက်တာဟာ ငွေကြေးကိစ္စနဲ့ သက်ဆိုင်နေတယ်လို့ NLD ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က ပြောပါတယ်။

မြောင်းမြခရိုင် အလုပ်အမှုဆောင်အဖွဲ့  သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးသန့်ဇင်ဝင်းကတော့  အရေးယူခံရသူတွေက ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်ကြတာကြောင့် ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိအောင်  စာပေးပို့ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

တာဝန်ကနေ ရပ်နားလိုက်တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ရပ်နားတယ်ဆိုတာကို တစ်စုံတစ်ရာ မသိရှိသေးဘူးလို့ ပြောပါတယ်။ တာဝန်က ရပ်စဲခံလိုက်ရတဲ့ထဲမှာ ပါဝင်တဲ့ ဘဏ္ဏာရေးမှူး ဦးဌေးအောင်က ပါတီဗဟိုက ဝါးခယ်မမြို့နယ်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ပြီးပါက ပြဿနာတွေ အမြောက်အများတက်နိုင်တယ်လို့ ပြောပါတယ်။

ဝါးခယ်မမြို့နယ် NLD ဥက္ကဋ္ဌရဲ့ ထောက်ပံ့ကြေးကိစ္စတွေကို ပါတီဗဟိုက စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကလည်း စိတ်မပူစရာမရှိဘူးလို့ ဝါးခယ်မမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။

မြို့နယ်အလုပ်အမှုဆောင်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘူးလို့လည်း ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး NLD တိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ကတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းသွားမယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ NLD ပါတီအတွင်း ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာတာပါ။ ရန်ကုန်တိုင်း၊  ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး၊  ဒဂုံမြို့နယ်က ထင်ရှားတဲ့ လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးကျော်ဇေယျ၊ ဒေါ်သက်သက်ခိုင်တို့ကို မကြာသေးခင်က ပါတီတွင်း အရေးယူမှုတွေရှိခဲ့ပါတယ်။ ဒေါ်သက်သက်ခိုင်က   NLD ကနေ ထွက်လာပြီးနောက်မှာ ပါတီသစ် ထူထောင်ခဲ့ပြီးနောက် ဦးကျော်ဇေယျက သူနဲ့ပူးပေါင်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org