ပုဏ္ဏားကျွန်းမှာ တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရပြီး တပ်မတော်သားတစ်ဦး ဖမ်းဆီးခံရ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့မနက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးကို အေအေအဖွဲ့က ဓားနဲ့ထိုးပြီး သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2020-06-11 -
-
-
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့မနက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးကို အေအေအဖွဲ့က ဓားနဲ့ထိုးပြီး သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ မြို့မဈေးကို ဒီနေ့မနက် ၈ နာရီလောက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိ တစ်ဦးဟာ ဈေးအနီးလမ်းဆုံမှာ ဓားနဲ့ထိုးပြီး တိုက်ခိုက်ခံခဲ့ရတာပါ။
သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တစ်ဦး က RFA ကိုပြောပါတယ်။
ဆိုင်ကယ်နဲ့ဈေးလာဝယ်ပြီး အပြန်မှာ အခုလုပ်ကြံခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦး က ပြောပါတယ်။
“တစ်ယောက် အဖမ်းခံရတယ်။ တစ်ယောက်က ဓားထိုးခံရပြီးတော့ ညီမတို့ဆိုင်နားမှာ လဲနေတာတွေ့တော့ သွားကြည့်တယ်။ မြင်တာက သူကဆိုင်ကယ်နဲ့လာတာ။ ညီမတို့သွားကြည့်တော့ ဆိုင်ကယ်ကတခြားလဲနေ တယ် သူကလည်းတခြား။ သွေးတွေထွက်ပြီးတော့ ဒဏ်ရာတွေကိုတော့ မမြင်ခဲ့ဘူး။ သွေးတွေကိုပဲ မြင်ခဲ့ တယ်။ ဘယ်နားဘာဖြစ်တယ်ဆိုတာကိုလည်း မမြင်ခဲ့ဘူး။ ကယ်ပါလို့တော့ အော်နေတယ်။ ဒါပေမဲ့ ဘယ်သူ မှမကယ်ရဲဘူးလေ စစ်သားဆိုတော့။ စစ်တပ်က သူတို့ဘက်ကခံရတာဆိုတော့လေ မြို့ထဲဈေးနားတဝိုက် အဲဒီအခင်းဖြစ်သွားတဲ့ အနားတဝိုက်မှာ သေနတ်တွေဖောက်တယ်။ မိုးပေါ်ထောင်ပစ်တယ်။ ကျမသိရသ လောက်ကတော့ သူတို့က ဈေးလာဝယ်ပြီးတော့ အပြန်မှာဖြစ်တာပြောတယ်”
ဓားထိုးတိုက်ခိုက်မှုဖြစ်ပြီးနောက် ၁၅ မိနစ်လောက်အကြာမှာ တပ်မတော်စစ်ကြောင်းတစ်ခုက အခင်းဖြစ်ပွားတဲ့ နေရာအနီးတဝိုက်ကိုရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ မိုးပေါ်ကိုပစ်ခတ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးကို အရပ်ဝတ်တွေဝတ်ထားတဲ့ အေအေအဖွဲ့ဝင် ရှစ်ဦးက ဝိုင်းဝန်းတိုက်ခိုက်ပြီး ဓားနဲ့ထိုးသွားခဲ့တာလို့ RFA ကိုပြောပါတယ်။
လက်ရှိမှာ အဲဒီတပ်မတော်အရာရှိဟာ သူ့တပ်ရင်းမှာ ဆေးကုသမှုခံယူနေရသလို သူနဲ့အတူပါသွားတဲ့ စစ်သည်ကတော့ ပျောက်ဆုံးနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
မြို့သစ်ဈေးကိုဈေးဝယ်ဖို့သွားတဲ့ တပ်မတော်အရာရှိ တစ်ဦးနဲ့ စစ်သည်တစ်ဦးကို အမည်မသိအမျိုးသား ရှစ်ယောက်က ဓား၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့ပြီး စစ်သည်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ AA အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် ဆက်စပ်ပတ်သက်သူတွေဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်နိုင်ရေးနဲ့ စစ်သည်ကို ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့မနက်က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ရော၊ တပ်မတော်သတင်းထုတ်ပြန်ချက်နဲ့ပ တ်သက်လို့ရော ရက္ခိုင့် တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ အခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
တိုက်ခိုက်ခံရတဲ့ တပ်မတော်အရာရှိဟာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် အမှတ်-၅၅၀ တပ်ရင်းကဖြစ်ပြီး သူတို့ တိုက်ခိုက်ခံရတဲ့နေရာဟာ တပ်ရင်းနဲ့ မီတာ ၅၀၀ ကျော်လောက်သာ ကွာဝေးပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ ဒေသခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ဒီနေ့မနက်က ဖြစ်စဉ်ကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ လူသွားလူလာမရှိ တိတ်ဆိတ်နေတယ်လို့ ပြောပါတယ်။
“ဈေးနားက အေးစေတီဘုရားရှေ့မှာဖြစ်တာလို့ ကြားတယ်။ သေနတ်သံတွေ ကြားနေရတယ်။ မြို့ထဲမှာတော့ လူအသွားအလာတိတ်ဆိတ်ပြီးတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတာပေါ့။ ကျနော်တို့ကတော့ စိုးရိမ်မှုလွန်ကဲ နေကြတာပေါ့။ တခါမှဒီလိုမဖြစ်ဖူးတော့လေ”
ဒီနေ့မနက်ကဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ လုံခြုံရေးအရစီစစ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေ တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေပြီး အမ်း၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အရပ်သားတွေ သေကျေထိခိုက်မှုတွေကလည်း နေ့စဉ်နဲ့အမျှရှိနေပြီးတော့ RFA က ရရှိထားတဲ့အချက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ မနေ့က ဇွန်လ ၁၀ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သားက ၅၆၅ ဦးအထိ ရှိနေပါတယ်။