သဲကုန်းက နယ်ထိန်းရဲတပ်သားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဧပြီလ ၁၉ ရက်နေ့က သဲကုန်းမြို့နယ် ကွင်းကြီးကျေးရွာအနီးမှာ ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပဲခူးတိုင်းစစ်ဒေသခွဲက ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အသတ်ခံရတဲ့ နယ်ထိန်းရဲတပ်သား ဇေယျာအောင်ထံက ရရှိခဲ့သည့် လက်နက်ပစ္စည်းများ။ Bago Region PDF

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စု၊ နယ်ထိန်းရဲတပ်သား ဇေယျာအောင်ကို မြို့ပြပျောက်ကြားအဖွဲ့က ဧပြီလ ၁၉ ရက်နေ့က သဲကုန်းမြို့နယ် ကွင်းကြီးကျေးရွာအနီးမှာ ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပဲခူးတိုင်းစစ်ဒေသခွဲက ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့ပြပျောက်ကြားအဖွဲ့က သတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နယ်ထိန်းရဲတပ်သားကို အရှင်ဖမ်းဆီးပြီး စစ်ကောင်စီရဲ့ သဲကုန်းမြို့နယ်အတွင်း လုပ်ဆောင်နေတဲ့ လျှိုဝှက်လုပ်ငန်းတွေကို စစ်ဆေးမေးမြန်းချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနယ်ထိန်းရဲတပ်သားဆီကနေ G3 သေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၁၁၉ တောင်၊ ဖုန်း တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ လက်ထိပ် တစ်ခုနဲ့ ဘေးလွယ်အိတ်တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ပါတယ်။

ရဲတပ်သား သေဆုံးတာနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီကို RFA အနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org