မြေပုံမြို့မှာ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ ငါးမိုင်လောက်အကွာ စစ်တွေ-ရန်ကုန်ကားလမ်းမအနီးမှာ ဧပြီလ ၁၃ ရက် ဒီနေ့လယ်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။
မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီးက ဆေးခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ AA တို့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဦးဖေသန်းက ပြောပါတယ်။
“ဝက်ခေါင်းရွာနားက ဆေးခန်းမှာ စစ်တပ်က နေရာယူထားတာ နှစ်ရက်ရှိပြီ။ AA က အဲဒီလမ်းကြောင်းက လာတဲ့အခါမှာ တိုက်ပွဲစဖြစ်တာပေါ့။ မိနစ်ပိုင်းလောက်ပဲ ဖြစ်ခဲ့တယ်။ လက်နက်ကြီးပစ်သံ ငါးကြိမ်လောက်နဲ့ လက်နက်ငယ်အသံ နည်းနည်းကြားလိုက်ရတယ်”
အဲဒီတိုက်ပွဲအတွင်း လက်နက်ကိုင်နှစ်ဖက်လုံး အထိအခိုက် ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
အခုလက်ရှိ ဒေသခံတွေ ထွက်ပြေးရတာမရှိသေးပေမယ့် နောက်ထပ် တိုက်ပွဲ ထပ်ဖြစ်လာ မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း မောင်တောမြို့နယ်ထဲမှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ AA တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ နှစ်နှစ်ကြာတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အခုလက်ရှိ နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲနေခဲ့တာ ဖြစ်ပါတယ်။