AA နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ ၄၀ ကျော် ထွက်ပြေး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖောင်းဝင်းချောင်းကျေးရွာအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံရွာသား ၄၀ ကျော်ဟာ အထက်သင်ပုန်းတန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖောင်းဝင်းချောင်းကျေးရွာအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံရွာသား ၄၀ ကျော်ဟာ အထက်သင်ပုန်းတန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ထွက်ပြေးလာသူတွေဟာ သင်ပုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပြီး လတ်တလောမှာ စားသောက်စရာနဲ့ အသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ အထက်သင်ပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်ကစပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ် တစ်လျှောက်မှာ အစိုးရစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေရာမှာ ဒီနေ့မနက် ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ဖောင်ဝင်းချောင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေဟာ ဇာတိရွာတွေမှာ အသက်အိုးအိမ် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ထွက်ပြေးလာကြတာလို့ သင်ပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက RFA ကိုပြောပါတယ်။

"ရွာနားအနီးတဝိုက်မှာဆိုတော သေနတ်သံတွေကြားပြီး ကြောက်လို့ထွက်ပြေးလာကြတာ၊ အခုကတော့ သင်ပုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာပဲ ခေတ္တခဏခိုလှုံနေကြတယ် သူတို့မှာအခက်အခဲက စားဖို့သောက်ဖို့ရယ် ခေါင်းအုန်း၊ စောင်၊ ခွက်တွေတောင် မပါဘူး "

ဒီလိုတိုက်ပွဲတွေပြန်ဖြစ်ပွားလာခဲ့တာနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို RFA က ဆက်သွယ်မေးမြန်းရာမှာ မြန်မာ့တပ်မတော်ဘက်က စစ်အင်အားတိုးချဲ့နေတာ၊ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့   AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

"အခုကတော့ ဘူးသီးတောင်မြို့နယ်ထဲရယ်၊ ရသေ့တောင်မြို့နယ်ရယ်၊ ပုဏ္ဏားကျွန်းရယ် ကျောက်တော်ရယ်၊ ပလက်ဝမြို့နယ်ရယ် အဲဒီဘက်မှာက တပ်အင်အားတွေ အများကြီးဖြည့်ထားတယ်၊ အကုန်လုံးပေါင်းလို့ရှိရှင် ၃၀ နဲ့ ၄၀ ကြားဖြည့်ထားတာရှိတယ်၊ ဗမာ့တပ်မတော်ဘက်ကနေ အင်အားအလုံးအရင်းနဲ့ ရက္ခိုင့်တပ်မတော် အခြေပြုထားတဲ့ ဒေသတွေထဲကို ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် တိုက်ပွဲကဖြစ်တာ"

ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း စတဲ့မြို့နယ် ၃ ခုဆုံတဲ့နေရာမှာ တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေပြီး ဒေသခံကျေးရွာသားတွေ ထွက်ပြေးနေတာတွေရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း ဆက်လက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့ နယ် ရေဆိုးချောင်းရွာအနီးနဲ့ ဘူးသီးတောင်မြို့နယ် ဝါးနက်ရုံ၊ နဟန်းနဲ့ ပြင်ချောင်းကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက အတည်ပြုပြောဆိုထားပါတယ်။

ဘူးသီးတောင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေက ကျေးရွာတွေဟာ တောင်ပေါ်ဒေသဖြစ်သလို့ သွားလာရေးခက်ခဲတာကြောင့် အခြေအနေတွေ မသိရသေးဘူးလို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

"တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက တောင်ကြောထဲမှာဖြစ်နေတယ်ဆိုတာကို သတင်းအရသိရတယ်၊ ဒါပေမဲ့ အဲဒီမှာဖြစ်နေတာကို အသေးစိတ်မကြားရဘူး၊ တောင်ကြောမှာဖြစ်နေတဲ့လူတွေ ဒုက္ခရောက်တယ် မရောက်ဘူးလားဆိုတာကို ပြောလို့မရသေးဘူး၊ ကျနော်တို့နဲ့ အဆက်အသွယ်မှ မရသေးတာ"

ဒီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ တပ်မတော်က ပိတ်ဆ့ိုထားပြီး သွားလာမှုတွေ ပိတ်ပင်ထားသလို ဒေသခံတွေကိုလည်း လက်နက်ကြီး ကျည်ဆန်တွေသယ်ခိုင်းတာ၊ လမ်းပြခိုင်းတာ စတဲ့ ပေါ်တာဆွဲတာမျိုးတွေ ရှိနေနေတယ်လို့ ရက္ခိုင့်တပ်မတော်ဖက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

AA ဘက်က စွတ်စွဲပြောဆိုနေတာတွေနဲ့ပတ်သက်လို့ နေပြည်တော် သတင်းအမှန်ပြန်ကြားရေးဌာနကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးရှိတဲ့အတွက် တိုက်ပွဲတွေရှိဖြစ်နေတာဖြစ်ကြောင်း၊ ပေါ်တာဆွဲတာမျိုးတွေ လုပ်ဆောင်တာမရှိကြောင်း အမည်မဖော်လို့တဲ့ တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ အရာရှိတစ်ဦးက RFA ကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြန်မာဘင်္ဂလားဒေရ်ှ့နယ်စပ်အနီးမှာ တိုက်ပွဲတွေဖြစ် ပွားနေကြောင်းကိုလည်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org