စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကို သိမ်းနိုင်ကြောင်း AA ကြေညာ

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခိုင်အမာခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA)မှ သိမ်းဆည်းပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန့်ထားသည့်ကို တွေ့ရစဉ်။ AA Info Desk

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခိုင်အမာခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနှုံးဘူးဗျူဟာကို နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၇ ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်တာလို့လည်း ဆိုပါတယ်။

နှုံးဘူးဗျူဟာကုန်းကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံခဲ့ပေမဲ့ နောက်ဆုံးမှာ စခန်းကုန်းအပါအဝင် ဗျူဟာမှူး အလောင်းနဲ့ စစ်ကောင်စီတပ်သားအလောင်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း တရွန်အိုင်ဗျူဟာ စခန်းကုန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တရွန်အိုင်ဗျူဟာ စခန်းကုန်းဟာ စစ်ရေးအရ အရေးပါပြီး၊ ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့အထိ ကျယ်ပြန့်တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း နှစ်ခုဖြစ်တဲ့ “တရွန်အိုင်ဗျူဟာ” နဲ့ “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးကို AA က သိမ်းပိုက်နိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီနှုံးဘူးဗျူဟာကို AA ကသိမ်းဆည်းလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org