မြောက်ဦးတိုက်ပွဲကနေ ထွက်ပြေးစဉ် ကလေးနှစ်ဦး ရေနစ်သေဆုံး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနဲ့ ဝေသာလီကျေးရွာတွေမှာ ဒီမနက်ပိုင်း ၆ နာရီ လောက်ကစပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ ဒေသခံတွေ ထွက်ပြေးရင်း ကလေး နှစ်ဦး ရေနစ်သေဆုံးခဲ့ရပါတယ်။
-
သန့်ဇင်ဦး
2019-10-19 -
-
-
Your browser doesn’t support HTML5 audio
မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ မနက် ၆ နာရီလောက်တကည်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာ နေ့ လယ်ပိုင်းအထိ မရပ်သေးသလို ဝေသာလီကျေးရွာမှာလည်း မနက် ရှစ်ခွဲလောက်ကတည်းက စတင်ဖြစ်ပွားခဲ့ရာ က နေအိမ်အချို့ မီးလောင်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ငါးဆွယ်ကန်ချောင်းထဲကနေ စက်လှေတွေနဲ့ ထွက်ပြေးနေကြရင်း စက်လှေမှောက်လို့ ဝေသာလီ ကျေးရွာက ၁၃ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ယောက်နဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရေနစ်သေဆုံးသွား တယ်လို့ ပီပင်ရင်းကျေးရွာ ဒေသခံ ဦးသိန်းကျော်မြက ပြောပါတယ်။
"လက္ကာတို့ ဝေသာလီတို့ ပေါက်တောပြင်တို့ဘက်က ပြေးလာတဲ့ လှေတစ်စီးမြုပ်တယ်၊ ငါးဆွယ်ကန်ချောင်းမှာ မြုပ်တာ၊ ဆယ်သုံးနှစ် ကလေးတစ်ယောက်နဲ့ သုံးနှစ် ကလေးတစ်ယောက်ဆုံးတယ်"
နေ့လယ်ပိုင်းမှာတော့ ကိုးတန်းကျောင်းသူရဲ့ ရုပ်အလောင်းကို ဆယ်ယူရရှိထားကြောင်းနဲ့ မြောက်ဦးမြို့ဘက် ကနေ လက်နက်ကြီးတွေနဲ့ နေ့လည်ပိုင်းအထိလှမ်းပစ်နေတာကို မြင်တွေ့နေရကြောင်း ဦးသိန်းကျော်မြက ဆိုပါတယ်။
ပြေးလာတဲ့ လှေတစ်စီးမြုပ်တယ်
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း လက္ကာကျေးရွာမှာ တိုက်ပွဲ ဖြစ်တယ်ဆိုတာကြားတဲ့အကြောင်း ပြောပါတယ်။
"လက္ကာကျေးရွာမှာ ပထမတစ်ကြိမ်ဖြစ်တုန်းကတည်းက ရွာသားတွေက တစ်ယောက်မှမရှိကြတော့ပါဘူး"
တိုက်ပွဲပြင်းထန်နေတဲ့ လက္ကာနဲ့ ဝေသာလီကျေးရွာတွေက လက်ကျန်ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေကို ထွက်ပြေးနေကြရပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တိုပ်ပွဲဖြစ်ပွားနေတဲ့ လက္ကာကျေးရွာကို စစ်ကူလာတဲ့ တပ်မတော်စစ်ကြောင်းနဲ့ သူတို့အဖွဲ့ ဝေသာလီရွာနားမှာ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။
"လက္ကာရွာမှာ ဗမာစစ်တပ်ကလာပြီးတော့ စခန်းချနေတယ်၊ ရွာသားတွေကတော့ ဗမာစစ်တပ်လာကတည်းက ကြောက်ပြီးတော့ ပြေးသွားကြပြီ"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတာ မှန်ကန်ပေမယ့် တပ်မတော်က ရွာထဲမှာတပ်စွဲထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
"လက္ကာရွာနားမှာ နယ်မြေလုံခြုံရေးလုပ်နေတဲ့ စစ်ကြောင်း တစ်ကြောင်းကို လက္ကာရွာထဲက ဘုန်းကြီးကျောင်းကနေ ဒီကောင်တွေပစ်တာ၊ သူပစ်ကိုယ်ပစ်နဲ့ တိုက်ပွဲနည်းနည်းပြင်း သွားတယ်"
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မြောက်ဦးမြို့ ရန်ကုန် - စစ်တွေကားလမ်းကိုလည်း ဒီကနေ့ ပိတ်ထားတယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ထဲမှာ ရှိတဲ့တောင်ကုန်းနဲ့ မြို့ပြင်မှာရှိတဲ့ တောင်ကုန်းနှစ်ခုကနေ တိုက်ပွဲဖြစ်ပွားတဲ့ လက္ကာနဲ့ ဝေသာလီရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့လယ်အထိ ပစ်နေတာကြားနေရတယ်လို့ မြောက်ဦးမြို့ဒေသခံ ဦးမောင်သန်းက RFA ကိုပြောပါတယ်။
"အဲဒီမှာ ကျွန်တော်တို့မြို့ရဲ့ အတွင်းဘက်မှာတစ်ကုန်း၊ မြို့အပြင်ဘက်မှာတစ်ကုန်း၊ အဲဒီ နှစ်ကုန်းကနေ တစ်လုံးနဲ့တစ်လုံး ဆယ်မိနစ်လောက် ခြားပြီးတော့ လှမ်းပစ်တာ"
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ပြီးတော့ အရပ်သားသေဆုံးမှု ၉၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူဟာ ၁၃၀ ဝန်းကျင်အထိရှိနေပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာ။