မြောက်ဦးတိုက်ပွဲ ကြောင့် အရပ်သား သုံးဦးသေ၊ ကိုးဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ သုံးဦး သေဆုံးကာ ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
-
ဝေယံမိုးမြင့်
2020-02-29 -
-
-
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ သုံးဦး သေဆုံးကာ ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဘူးတစ်လုံး၊ မြောင်းဘွေချေ၊ တန်းမြင့်ကြီးနဲ့ လေးမြို့စား ကျေးရွာကလူတွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
မြောင်းဘွေချေဆိုတဲ့ကျေးရွာက အမျိုးသမီးတစ်ယောက် အသက် ၆၀ က လက်နက်သံတွေကြောင့် ထိတ်လန့်ပြီး နှလုံးရပ်သေသွားတာ။ နောက်နှစ်ယောက်က ဘူးတစ်လုံးကျေးရွာက။ ကျန်တဲ့ ဒါဏ်ရာရတဲ့သူတွေက တန်းမြင့်ကြီးကျေးရွာက လင်မယား နှစ်ယောက်၊ လေးမြို့စားက တစ်ယောက် နောက်ခြောက်ယောက်က ဘူးတစ်လုံးကျေးရွာက။
မြောင်းဘွေချေ ကျေးရွာက ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးမှာ စိုးရိမ်ရတဲ့သူတွေပါဝင်ပြီး မြောင်းဘွေ တိုက်နယ်ဆေးရုံကို ပို့ထားရပါတယ်။
တန်းမြင့်ကြီးနဲ့ လေးမြို့စားက ထိခိုက်သူတွေက စိုးရိမ်ရလို့ စစ်တွေဆေးရုံ ပို့နေရပြီလို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဂရုဏာလှိုင်း သွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်း က ဆိုပါတယ်။
ကျေးရွာကနေ မြောက်ဦးဆေးရုံကိုပို့တာ မြောက်ဦးက မနိုင်လို့ အခု စစ်တွေကိုပို့နေတယ်။ လူနာ သုံးယောက်ကို ရွာလမ်းတွေက သွားသယ်တာ။ ဘူးတစ်လုံးက ရန်ကုန်စစ်တွေကားလမ်းနားမှာ အဲဒီဘက်က သွားလို့မရဘူး စစ်တပ်က စီးထားတယ်။
ဘူးတစ်လုံးကျေးရွာက သေဆုံးသူ ထိခိုက်ဒဏ်ရာ ရရှိသူတွေရဲ့ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဦးအောင်သန်းထွန်းက ပြောပါတယ်။
မနက် ၇ နာရီမှာ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ကျေးရွာက ကြားညှပ်ခံရတာလို့ ပြောသူက မြောင်းဘွေချေကျေးရွာက ဒေသခံ ဦးခင်မောင်သန်းပါ။
ဒဏ်ရာရတဲ့သူတွေရော သေတဲ့သူတွေရော ကျည်ထိပြီးသေတာ ဖြစ်တာက ဟိုဘက်ဒီဘက် ရွာကကြားမှာ ညှပ်နေတော့ မွတ်ဆလင် ဘူးတစ်လုံးရွာက တိုက်ပွဲအလယ်မှာဖြစ်နေတော့ ရွာသားတွေကို လာထိတာ။
မြောင်းဘွေချေရွာထဲကို လက်နက်ကြီးကျလို့ အိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဖောက်ချောင်းတံတားနားမှာ တပ်မတော်စစ်ကြောင်းကို AA က မိုင်းခွဲ တိုက်ခိုက်ရာကနေ တိုက်ပွဲစတင်တာလို့ ဒေသခံတွေက ပြောပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခက တပ်မတော် ကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ မှန်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် မနက် ၇ နာရီလောက်မှာ မြောင်းဘွေချေကျေးရွာနားမှာ မြန်မာစစ်တပ်ရဲ့ စစ်ကား ၁၈ စီးကို ရက္ခိုင့်တပ်တော်က ဖြတ်တိုက်ခဲ့တာရှိတယ် မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးတွေရှိတယ်။
မင်းပြားကနေ မြောက်ဦးကိုသွားတဲ့ အုပ်ချုပ်မှုယာဉ်တန်း တိုက်ခိုက်ခံရတာလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပါတယ်။
အုပ်ချုပ်မှုလုပ်တဲ့ ယာဉ်တန်း မင်းပြားကနေ မြောက်ဦး ကိုသွားတာ မြောင်းဘွေချေကျေးရွာအနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ တိုက်ပွဲဖြစ်တာရှိတယ်။ လက်နက်ငယ်ကျည်ထိပြီး ထိခိုက်ဒဏ်ရာရတယ် သေကြတယ်ဆိုတာတော့ မကြားမိဘူး။
မြောက်ဦးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဟာ မြို့ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက် တွေမှာ အများဆုံး ဖြစ်ခဲ့တာဖြစ်ပေမယ့် အခုတော့ မြောက်ဦးမြို့ရဲ့ တောင်ဘက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။
ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ် လေးခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ အချိန် သုံးရက်တာ ကာလအတွင်းမှာ အရပ်သား သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ကိုးဦးအထိ ရှိနေပါတယ်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်း ခြောက်ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။