မြောက်ဦးမြို့နားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နားမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်း မှာတော့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က မြောက်ဦး ရှေးဟောင်းဘုရားပုထိုးတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နားမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်း မှာတော့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရဲ့ မြောက်ဘက် တစ်မိုင်ဝန်းကျင်လောက်အကွာ တောင်ဖြူဆည်ဝန်းကျင်မှာ ရက္ခိုင့်တပ်တော် AA နဲ့တပ်မတော်တို့ ဒီနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၂ နာရီကျော်လောက်မှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးနားဝန်းကျင် တောင်ကြောတွေကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးသုံးပြီး လာရောက်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို ဒေသခံမျက်မြင်တစ်ဦးက RFA ကိုပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီလောက်မှာ တောင်ဖြူဒေသဘက်မှာ တိုက်ပွဲတစ်ခုဖြစ်ကြတယ်။ အခုလေယာဉ်နှစ်စီး စစ်တွေဘက်ကလာပြီးတော့ ထမ္မရာဇ်ရွာ ပတ်ဝန်းကျင်တောတန်းတွေကို ပစ်တယ်။ အခုလည်းပစ်နေ ပါတယ်။ လေယာဉ်နဲ့ ဝဲလို့ဝဲလို့ပစ်နေတယ်။ အောက်ကြည့်လို့မြင်နေရတယ်။ စက်သေနတ်နဲ့ ဆက်တိုက် ပစ်ပါတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့လည်းပစ်တယ်”

ဒေသခံတွေကို RFA က တယ်လီဖုန်းကနေတဆင့် ဆက်သွယ်မေးမြန်းနေစဉ်မှာ ရဟတ်ယာဉ်ပေါ်က သေနတ်တွေ နဲ့ တရစပ်ပစ်ခတ်သံတွေကို ကြားနေရပါတယ်။

အခုလို လေယာဉ်နဲ့ လာရောက်ပစ်ခတ်ချိန်ဟာ နာရီဝက်လောက်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့နေရာဟာ ထမ္မရာဇ်ရွာသစ်၊ အုတ်ဖိုကန်စတဲ့ကျေးရွာနဲ့ မလှမ်းမကမ်းနေရာတွေ ဖြစ်တာကြောင့် ဒေသခံတွေဟာ လုံခြုံမယ့်နေရာတွေဆီကို ပုန်းရှောင်နေရတယ်လို့ဆိုပါတယ်။

ဒေသခံတွေဟာ အပြင်ကိုမထွက်ရဲကြတာကြောင့် အရပ်သားထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် မြောက်ဦးမြို့အဝင်နားကနေ တိမ်ညိုရွာဘက်နားအထိ ရန်ကုန်-စစ်တွေ ကားလမ်းမကို ယာယီပိတ်ထားတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

“မနက် တိုက်ပွဲဖြစ်ကတည်းက တိမ်ညိုကျေးရွာဘက်မှာ ကားလမ်းအကုန်ပိတ်ထားတယ်။ အခုလောလော ဆယ်တော့ ငွေတောင်ပေါက်တံတားလို့ခေါ်တဲ့ မြောက်ဦးမြို့မရဲစခန်းအနီးအနားက တံတားတစ်စင်းရှိတယ်။ အဲဒီအနားမှာကားတွေ အကုန်လုံး အသွားအလာပိတ်ထားပါတယ်။ အခုလိုမျိုး မြို့နဲ့မလှမ်းမကမ်းတဲ့ နေရာ ကနေလေယာဉ်နဲ့ ပစ်ခတ်တော့ ပြည်သူလူထုတွေက အရမ်းစိုးရိမ်မကင်းဖြစ်သွားတယ်။ အလေးတွေနဲ့ အကုန်လုံးထွက်ပြေးနေကြတယ်။ မြို့တစ်မြို့လုံး တုန်လှုပ်သွားတဲ့အခြေအနေရှိပါတယ်”

ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မနက် ၅ နာရီကျော်မှာ မြောက်ဦးဘက်ကလာတဲ့ အစိုးရတပ်မတော် စစ်ကြောင်းနဲ့ စစ်တွေရန်ကုန် ကားလမ်းနဲ့ ရထားလမ်းကြားမှာ တစ်ကြိမ်၊ နောက်မြောက်ဦး ဘက်က စစ်ကူလာတဲ့ တပ်သား ၇ဝ ခန့်ရှိတဲ့ တပ်စိပ်နဲ့ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့ခင်းဘက်မှာ တပ်မ တော်ဘက်က ရဟတ်ယာဉ် နှစ်စီး စက်သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ လာရောက်ပစ်ကူခဲ့တာရှိတယ်လို့လည်း ပြောပါတယ်။ တပ်မတော်ဘက်မှာ အကျအဆုံးအထိခိုက်ရှိတယ်လို့ ပြောပေမယ့် အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။  

ဒီနေ့တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ပြောဆိုချက်ရဖို့အတွက် RFA က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို  တပ်လီဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မြောက်ဦးမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ပြီး တိုက်ပွဲတွေကြောင့် ရှေးဟောင်းလက်ရာတွေကို ထိခိုက်မှုရှိတယ်ဆိုပြီး ဒေသခံတွေက ထောက်ပြပြောဆိုနေကြသလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ကြိုးပမ်း ချက်တွေမှာလည်း နှောင့်နှေးမှုတွေရှိခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခုရက်ပိုင်းတွေအတွင်း တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကနေ စပြီး အမ်း၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ စတင်ပြင်းထန်လာနေခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ နှစ်သိန်းနီးပါးအထိရှိနေတယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org