ဖမ်းမိထားသူတွေထဲ စစ်ကောင်စီရဲ့ အဆင့်မြင့်အရာရှိတချို့ပါဝင်ကြောင်း AA ထုတ်ပြန်
စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်တွေက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွေမှာ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
-
RFA Burmese
2024-02-14 -
-
-
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ စခန်းသိမ်း တိုက်ပွဲတွေအတွင်း ဖမ်းမိသူတွေ၊ သေဆုံးသူတွေထဲ တပ်မမှူးအဆင့်၊ ဗျူဟာမှူးအဆင့်နဲ့ တပ်ရင်းမှူးအဆင့်ရှိသူတွေ ပါဝင်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) က ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်တွေက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွေမှာ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလလယ်လောက်က ပလက်ဝတိုက်ပွဲတွေအတွင်း နှုံးဘူးဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးကို အသေဖမ်းမိခဲ့သလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦးမြို့ ခမရ (၃၇၇) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းမိခဲ့သလို ရေးသားထားပါတယ်။
ပလက်ဝဒေသအခြေစိုက် စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ဘူးလို့ AA က ထုတ်ပြန်ထားပါတယ်။
AA ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AA က ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်နဲ့ မိသားစုဝင်တွေအပြင် ရေကြောင်းတိုက်ပွဲတွေမှာ အသက်လုထွက်ပြေးနေကြသူတွေထဲက အသက်မသေဘဲ လွတ်မြောက်လာကြသောသူတွေကို စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
သုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံးအပြင် ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦးမြို့တွေက စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်တပ်စခန်းတွေအားလုံးကို AA က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက နယ်ခြားစောင့်တပ်စခန်းတွေ၊ ရမ်းဗြဲမြို့နဲ့ အခြားသောမြို့တချို့က ရဲစခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်သလို ကျန်နေတဲ့ စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က သတင်းတွေ ထုတ်ပြန်ထားပါတယ်။