မောင်တောမြို့နယ်မှာ AA နဲ့ RSO အဖွဲ့ တိုက်ပွဲဖြစ်
ARSA နဲ့ RSO အဖွဲ့တွေထံက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအများစုဟာ စစ်ကောင်စီရဲ့ ကပစစက်ရုံထုတ် လက်နက်တွေလို့ AA က ပြောပါတယ်။
-
RFA Burmese
2024-10-07 -
-
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အောက်တိုဘာ ၆ ရက်နေ့က အာရက္ခတပ်တော် (AA) နဲ့ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း AA က အောက်တိုဘာ ၇ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
AA အဖွဲ့က သိမ်းပိုက်ထားတဲ့ မောင်တောမြို့နယ် စစ်ကောင်စီ "လိပ်ရစခန်း"အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း RSO အဖွဲ့ကနေ MA-2 သေနတ်တစ်လက်၊ G3 သေနတ် နှစ်လက်နဲ့ ကျောပိုးအိတ် ၁၂ လုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ AA က ထည့်သွင်းပြောဆိုတာမရှိပါဘူး။
အလားတူ ဘူးသီးတောင်မြို့နယ်၊ ရွှေထား (မူဆလင်) ရွာအနီးမှာ စခန်းချနေထိုင်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) စခန်းကိုလည်း အောက်တိုဘာ ၆ ရက်နေ့ညနေမှာ အာရက္ခတပ်တော် (AA) က တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ARSA စခန်းကနေ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ မိုင်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးသွားတဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
မောင်တောမြို့နယ်၊ ကိုင်းကြီးမြိုရွာက ဒေသခံလေးဦးကို ARSA အဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးသွားတာကြောင့် အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန တပ်ဖွဲ့ဝင်တွေ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ARSA နဲ့ RSO အဖွဲ့တွေထံက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအများစုဟာ စစ်ကောင်စီရဲ့ ကပစ စက်ရုံထုတ်လက်နက်တွေလို့ AA က ပြောပါတယ်။
AA ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက တိုက်ပွဲနဲ့ ပတ်သက်ပြီး ARSA နဲ့ RSO အဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။