တရုတ် စီမံကိန်းအနီးက ဓညဝတီ ရေတပ်စခန်းကို AA စတင်တိုက်ခိုက်

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံး ရေတပ်စခန်းဖြစ်တဲ့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာ အနီးက ဓညဝတီ ရေတပ်စခန်းကို (AA) က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်စခန်းအား တွေ့ရစဥ်။ Narinjara

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံး ရေတပ်စခန်းဖြစ်တဲ့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာ အနီးက ဓညဝတီ ရေတပ်စခန်းကို ဇန်နဝါရီလ ၈ ရက် မနေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရေတပ်စခန်းကို (AA) က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ရေတပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့မနက်ပိုင်း AA က ရှော့တိုက်ဒုံးနဲ့ ရေတပ်စခန်းကို လှမ်းပစ်တာပေါ့။ ငါးလုံး၊ ခြောက်လုံးလောက် ပစ်တယ်။ ထိခိုက်မှုတွေကိုတော့ အတိအကျ မသိရဘူး။ စစ်ကောင်စီကလည်း နေဗီကနေ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာ ရှိတယ်။ ဒီနေ့တော့ တိုက်ပွဲ ထပ်ဖြစ်တာမရှိဘူး။ ဒါပေမဲ့ စစ်တပ်က လမ်းတွေ အကုန် ပိတ်ထားတယ်။ အစစ်အဆေးတွေ ပိုလုပ်နေတယ်”

ဓညဝတီ ရေစခန်းဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ရှိတဲ့နေရာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ထိခိုက်မှု အခြေအနေကိုလည်း RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

(AA) ကတော့ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာအနီးက ဓညဝတီ ရေတပ်စခန်းကို ပထမဆုံးအကြိမ် စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရမ်းဗြဲမြို့မှာလည်း မြို့တွင်းတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ပလက်ဝဒေသ တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ရေးလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပလက်ဝ အနောက်ဘက်ခြမ်းမှာရှိတဲ့ စခန်းအားလုံးကိုလည်း သိမ်းပိုက်ထားတယ်လို့ (AA) က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org