ရသေ့တောင် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA ဝင်တိုက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စစ်ကောင်စီနယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ၈ ရက်ကစလို့ AA က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-02-08 -
-
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ကိုးတန်ကောက် စစ်ကောင်စီနယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ၈ ရက် မနက်ပိုင်းကစလို့ ရက္ခိုင့်တပ်တော်(AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း စခန်းမကျဖို့ကို ဂျက်တိုက်လေယာဉ်တွေအပြင် စစ်တွေနဲ့ ရသေ့တောင်ဘက်ကပါ အမြောက်တွေနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အဲဒီစခန်းကို AA က ဝင်တိုက်ဖို့ ကြိုးစားနေတာကြာပြီ။ ဒီနေ့မှ ဒရုန်းတွေနဲ့ရော အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နေတာ။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ လာပစ်တာ နှစ်ကြိမ်ရှိပြီ။ အခု ရသေ့တောင် တပ်ရင်းတွေကရော၊ စစ်တွေဘက်က တပ်ရင်းတွေကရော ပစ်ကူပေးနေတယ်"
ကိုးတန်ကောက် နယ်ခြားစောင့်စခန်းဟာ အငူမော်-မောင်တော နယ်စပ်ကုန်သွယ်ရေးကားလမ်းမပေါ်မှာ တည်ရှိတာပါ။ အဲဒီစခန်းအနီးမှာရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်စခန်းနှစ်ခုကိုတော့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့မှာ AA သိမ်းပိုက်ထားပါတယ်။
အဲဒီကိုးတန်ကောက်စခန်းမှာ အငူမော်စခန်းက စစ်ကောင်စီနယ်ခြားစောင့်တပ်သားတွေပါ စုပေါင်းထားပြီး အင်အားအနည်းဆုံး တစ်ရာလောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဘက်ထိုက်ခိုက်မှုအခြေအနေကို မသိရသေးပါဘူး။
လက်ရှိမှာတော့ အဲဒီကိုးတန်ကောက်စခန်းအနီးမှာရှိတဲ့ သဝင်ချောင်း၊ ခွဆုံ စတဲ့ ရွာအနီးက နယ်ခြားစောင့်စခန်းတွေလည်း အင်းဒင်အခြေစိုက် အမှတ်(၆) နယ်ခြားစောင့်တပ်ရင်းကို ပြောင်းရွှေ့စုပေါင်းသွားပြီလို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။
အခုလို ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကိုလည်း RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို(လက်ဝဲ)၊ တောင်ပြို(လက်ယာ) စစ်ကောင်စီ နယ်ခြားစောင့်စခန်း နှစ်ခုကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ်သား အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား နှစ်ရာကျော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။