AA အဖွဲ့က ကားတစ်စီး မီးရှို့ဖျက်ဆီးတယ်လို့ တပ်မတော်‌ပြော

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေ ကားလမ်းပေါ် မဲလက်မောင်းကျေး ရွာနားမှာ ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီခန့် ဒုတိယအရာဗိုလ်ရဲ့ သားဖြစ်သူ မောင်းနှင်လာတဲ့ ကားကို ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းကို ဖမ်းဆီးသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အမ်း-စစ်တွေ ကားလမ်းပေါ်မှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ ကားကို ၂၀၂၀ ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ် Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ ဒုတိယအရာခံဗိုလ် ကျော်မိုးရဲ့သားဖြစ်သူ ကိုဝေပိုင်မိုးဟာ ရန်ကုန်ကနေ စစ်တွေကို ပြေးဆွဲနေတဲ့ ရွှေကံ့ကော်ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်ပြီး ကုန်ပစ္စည်းတွေနဲ့ စစ်တွေကိုအသွား ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ AA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရသလို ကားကိုပါမီးရှို့သွားတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း AA အဖွဲ့က လုပ်သွားတာဖြစ်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

"အမ်း-စစ်တွေ ကားလမ်း၊ မဲလက်မောင်းရွာအနီးမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၉ နာရီလောက် မိုင်တိုင်အမှတ် ၁၈ မိုင် လေးဖာလုံလောက်မှာ ရန်ကုန်-စစ်တွေ ရွှေကံ့ကော်ယဉ်လိုင်းက ယာဉ်မောင်း ဝေပိုင်မိုးမောင်းလာတဲ့ ကားကိုတားတယ်၊ ပြီးတော့ ကုန်တွေရော ကားရောမီးရှို့ဖျက်ဆီးပြီး လူကိုတော့ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်ဗျ၊ လက်ရှိအချိန်ထိတော့  ကျွန်တော်တို့လည်း သတင်းစုံစမ်းဆဲပဲ ရှိသေးတယ်၊ သူတို့ဖမ်းခေါ်သွားတယ်ဆိုတာပဲ သိသေးတယ်။"

အမ်း-စစ်တွေ ကားလမ်းပေါ်၊ မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် လေးဖာလုံအရောက် AA အဖွဲ့ဝင်အချို့က ကားပေါ်မှာပါတဲ့ ပစ္စည်းတွေအားလုံးနဲ့ ကားကိုပါမီးရှို့ပြီး ယာဉ်မောင်း  ကိုဝေပိုင်မိုးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမ်းမြို့ဟာ ရွာတွေအများကြီးနဲ့ ကျယ်ပြန့်လို့ AA အဖွဲ့ဝင်တွေ ခိုအောင်းနိုင်သလို မဲလက်မောင်းကျေးရွာဟာ လည်း တပ်ရင်းဌာနချုပ်တွေနဲ့ မဝေးတဲ့အတွက် လုံခြုံရေးကို သတိထားဖို့ တယ်လို့ အမ်းမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက RFA ကို ပြောပါတယ်။

"AA အဖွဲ့တွေကလည်း မြောက်ပိုင်းကနေ အလယ်ပိုင်းပေါ့ အောက်ပိုင်း နည်းနည်းဆင်းတဲ့သဘော၊ နောက်တစ်ခုကလည်း အဲဒီဘက်မှာ တပ်ရင်းစစ်ဌာနချုပ်ရှိတော့ စိမ့်ဝင်တဲ့သဘောလို့ပဲ ထင်ပါတယ်၊ ဌာနချုပ်တွေနားမှာဖြစ်တာဆိုတော့ လုံခြုံရေးကို ပိုပြီးတော့ သတိထားရမယ်လို့ထင်ပါတယ်၊ အမ်းက နယ်မြေကကျယ်တယ်ဗျ၊ ပြီးတော့ ဘေးမှာလည်း ရွာတွေကအများကြီးရှိတယ်၊ အရင်တုန်းက ဒါ ဗကပတွေ ဘာတွေခိုအောင်းလို့ကောင်းတဲ့ နေရာဆိုတော့လေ ရွာတွေထဲမှာ နေလို့ရတဲ့နေရာတွေ အများကြီး၊ ဆိုတော့ အဲဘက်တွေမှာ ခိုအောင်းလှုပ်ရှားမယ်ဆိုရင်တောင်မှ ဒါဖြစ်နိုင်တယ်၊ သတိထားဖို့ လိုတယ်လို့ပြောချင်ပါတယ်။"


ရခိုင်တပ်တော် AA ကတော့ သူတို့လုပ်တာ မဟုတ်ကြောင်းနဲ့ ဖြစ်ပွားတဲ့နေရာတစ်ဝိုက်မှာ AA အဖွဲ့ ဝင်တွေ လှုပ်ရှားတာလည်းမရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြန်လည် ငြင်းဆိုပါတယ်။

"အဲဒီကိစ္စကတော့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူး၊ အောက်ခြေကို သေချာမေးပြီးပါပီ၊ အဲဒီနေရာမှာ ကျွန်တော်တို့ဘက်က တပ်လှုပ်ရှားတာလည်းမရှိပါဘူး၊ အရပ်သားတွေဆီက ကြားရတာတော့ အဲဒီနေရာမှာ အရပ်သားကားတစ်စီး ကျောက်ဆောင်တွေကို ဝင်စောင့်ပြီးတော့ ဝါယာရိန်းရှော့ဖြစ်ပြီးတော့ မီးလောင်သွား တယ်ဆိုတဲ့ အဖြစ်အပျက်တစ်ခုတော့ သိရတာရှိတယ်၊ သူတို့ပြောသလို ဒရိုက်ဘာကိုဖမ်းဆီးတာတို့ ကားမီးရှို့တာတို့ ကျွန်တော်တို့ဘက် လုပ်တာလုံးဝမရှိဘူး။"

တပ်မတော်ဘက်ကတော့ ဒီကိစ္စကို အမ်းမြို့မရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရသူကို ပြန်ရဖို့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ သူတို့ဖမ်းဆီးထားတဲ့အထဲက NLD အမတ် ဦးဝှေ့တင်းကို မနေ့က ပြန်လွှတ်ပေး ခဲ့သလို ဇန်နဝါရီလ ပထမပတ်ကလည်း ကုန်းလမ်းပို့ဆောင်ရေးဝန်ထမ်း ၁၆  ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကတော့ ဖမ်းဆီးထားစဉ် သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင်း ၂၀၁၉ ခုနှစ်အတွင်း စစ်ဘေး ဒုက္ခသည် ၁ သိန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၈၀  ကျော်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org