စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ထပ်ကျူးလွန်ဖို့ အစီအစဉ်ရှိနေတယ်လို့ AA ပြော
နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ… ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်ချက်တွေမှာ တိုက်ပွဲခေါ်နေတဲ့ ပုံစံမျိုးတွေ တွေ့လာရကြောင်းနဲ့၊ စစ်တပ်အနေနဲ့ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေဖို့ သည်းခံနေတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် "တပ်မတော်ကို အဆိုးမဆိုနဲ့" ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။
-
အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2022-05-19 -
-
-
ရခိုင့်တပ်တော် AA ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲခေါ်နေတဲ့ ပုံစံမျိုးတွေကို တွေ့လာရပြီး စစ်တပ်အနေနဲ့ ရခိုင်ပြည်သူလူထုကို ဒုက္ခမရောက်စေဖို့ သည်းခံနေတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် တပ်မတော်ကို အဆိုးမဆိုနဲ့လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို နောက်တစ်ခေါက် ကျူးလွန်ဖို့ လူမိုက်ဆန်ဆန်ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောလိုက်ပါတယ်။
“ဒါကတော့ သူတို့ပြောတာကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ လူမိုက်စကားပြောနေတာလို့ပဲ အဲဒီလိုပဲ ရှင်းရှင်းလင်းလင်း မြင်တယ်ဗျ။ ဒါကတော့ မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ရဲ့လက်သုံးစကား ဖြစ်တယ်ဗျ။ အဲဒီစကားမျိုးကို အခုမှပြောတာမဟုတ်ပါဘူး အရင်လည်း အကြိမ်ကြိမ်ပြောပြီးပါပြီ အဲဒီစကားကို ထောက်လို့ရှိရင် မြန်မာစစ်တပ်ဟာ နောက်တစ်ကြိမ် ရခိုင်ပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ဖို့အတွက် သူတို့အစီအစဉ်ရှိနေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ပဲ ကျနော်တို့ကတော့ မြင်တယ်ဗျ”
ရက္ခိုင့်တပ်တော် AA နဲ့ NUG နဲ့ တွေ့ဆုံဆွေးနွေးတဲ့အပေါ် စစ်တပ်အနေနဲ့ ဒီအတိုင်းကြည့်နေမှာလား… ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ သူရိယနေဝန်းသတင်းဌာနက မေးမြန်းပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"AA အနေနဲ့က သူတို့ပြောတဲ့စကားတွေထဲမှာ ဘာတွေဖြစ်လာလဲဆိုတော့ တိုက်ပွဲကို ခေါ်နေတဲ့ပုံစံမျိုး လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့လာရပါတယ်။ တိုင်းစစ်ဌာနချုပ်လောက်ကိုပဲ သူက ခြိမ်းခြောက်လာတဲ့ပုံစံမျိုး တွေ့ရတယ်။ ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးပဲ ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးအတွက် လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်ပြောချင်ပါတယ်"
ရခိုင်ပြည်သူတွေအပေါ် အမှန်တကယ် ငဲ့ညှာတယ်ဆိုရင် မြန်မာစစ်တပ်ဟာ တစ်တိုင်းပြည်လုံး မီးတောက်လောင်နေအောင် လုပ်ဆောင်မှာမဟုတ်သလို သမိုင်းတစ်လျှောက် စစ်တပ်က သည်းခံနေရတယ်ဆိုတာ မရှိခဲ့ဘူးလို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရက္ခိုင့်တပ်တော် - AA ခေါင်းဆောင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ အွန်လိုင်းဗီဒီယိုစနစ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို AA အဖွဲ့က အကြောင်းမပြန်ကြားခဲ့သလို၊ ရခိုင်ပြည်နယ်မှာ စစ်ဆေးဖမ်းဆီးတာတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။
AA အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဝင်ရောက်နှောင့်ယှက်တာတွေ ရှိကြောင်း၊ တရားစီရင်ရေးကဏ္ဍကိုလည်း AA ဆီမှာ တရားစီရင်ရမယ်ဆိုတာတွေရှိကြောင်း၊ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစည်းရုံးမှုတွေလည်း ဆယ်ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့အတွက် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမတော်စပ်သူ ဦးစံလှကျော်ကို လူသားချင်းစာနာတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာခွင့်ပေးခဲ့တာလို့လည်း ပြောဆိုသွားပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ရခိုင်ပြည်သူတွေအပေါ် ငဲ့ညှာတယ်ဆိုတာ မမှန်ကန်ကြောင်း အခုလိုရာဇသံပေး တုံ့ပြန်တာဟာလည်း အသံကောင်း ဟစ်နေတာသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ရခိုင်မှာ သူ့အနေနဲ့ အင်အားသုံးစွဲပြီး ထိုးစစ်ဆင်ဖို့ဆိုတာ တော်တော်အခက်အခဲ ရှိတဲ့အခြေအနေပါ။ ရခိုင်မှာ သူ့အနေနဲ့ထိုးစစ်လုပ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့်လည်း AA ရဲ့လုပ်ဆောင်ချက်တွေ သူ့အနေနဲ့ တစ်စုံတစ်ရာ လိုက်လျောပေါ့ ရခိုင်လူထုကို သနားလို့တို့ ဘာတို့ဆိုတာတွေက အသံကောင်းဟစ်ပြတာပေါ့ကွာ”
ရက္ခိုင့်တပ်တော် AA အနေနဲ့ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တွေ့ဆုံခဲ့ ကြသလို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို မတက်ရောက်တဲ့ အခြေအနေတွေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကို တိုက်ခိုက်မယ်လို့ စိန်ခေါ်လိုက်တဲ့အပေါ် ပြန်လည် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတုံ့ပြန်ချက်က မှန်ကန်တဲ့ တုံ့ပြန်ချက် ဖြစ်ပြီး AA အနေနဲ့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUG မတွေ့ဆုံသင့်ကြောင်း စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ က ဦးနိုင်ဆွေဦးက ပြောပါတယ်။
“NUG သည် လက်ရှိတည်ဆဲအစိုးရရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံပတ်သက်တဲ့ မည်သည့်အဖွဲ့အစည်းမဆိုကတော့ တရားဥပဒေအတိုင်းပဲ သွားရမယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ ငြိမ်းချမ်းရေးကို အမှတ်တကယ်လိုလားရင် NUG နဲ့ဆက်ဆံစရားအကြောင်းဘူးလို့တော့ မြင်တယ်။ အကြမ်းဖက်အဖွဲ့အစည်းကို မည်သည့်နိုင်ငံမှ လက်ခံမှာမဟုတ်ဘူးပေါ့။ အဲဒီတော့ မည်သည့်နိုင်ငံမှ လက်ခံမှာမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဆိုရင်တော့လည်း ဒါက တိတိကျကျလုပ်ကြမယ်ဆိုရင်တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပဲ အရေးယူလိမ့်မယ်လို့ ဒါယူဆပါတယ်”
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က AA ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို အနှောင့်အယှက် ပေးတာတွေ ရခိုင်ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေအပြင် စစ်အင်အား တိုးချဲ့နေတာတွေရှိနေတဲ့ အတွက် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ရခိုင်ပြည်သူတွေ အသွားအလာ သတိထားကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
မေလ ၁၈ ရက်နေ့ညပိုင်းကလည်း မြောက်ဦးမြို့နယ် အခြေစိုက်တပ်ရင်းက လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ပြီး ရခိုင်ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ပြုလုပ်ခဲ့တယ်လို့ ဦးခိုင်သုခ က ပြောပါတယ်။