ကိုဗစ်ကာကွယ်ဆေးကို လက်လွှတ်မခံဖို့ အေအေ စစ်ဦးစီးချုပ် တိုက်တွန်း
ရခိုင်ပြည်နယ် အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာကပ်ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်နိုင်ငံထုတ်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုကာကွယ်ဆေး အမျိုးအစားပဲဖြစ်ဖြစ် ထိုးနှံဖို့အခွင့်အရေးရရင် အားလုံးလက် လွှတ်မခံကြဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
- 2021-07-25
-
-
-
ရခိုင်ပြည်နယ် အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာကပ်ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် ကိုဗစ်ကာကွယ်ဆေး တွေကို ဘယ်နိုင်ငံထုတ်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုကာကွယ်ဆေး အမျိုးအစားပဲဖြစ်ဖြစ် ထိုးနှံဖို့အခွင့်အရေးရရင် အားလုံးလက်လွှတ်မခံကြဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုက်တွန်းပြော ဆိုလိုက်ပါတယ်။
ဇူလိုင်လ ၂၅ ရက် မနေ့က ရခိုင်ပြည်သူလူထုကို ပြောကြားတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အခုလို ပြောဆိုခဲ့တာပါ။
“ကိုဗစ်ကာကွယ်ဆေးဟာ ဘယ်နိုင်ငံကပဲ ထုတ်ထုတ်၊ ဘယ်လိုတံဆိပ်မျိုးပဲဖြစ်ဖြစ် ကိုဗစ်ကာကွယ်ဆေး ကို ထိုးဖို့အခွင့်အရေးရရင် မဖြစ်ဖြစ်အောင်ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တခြားသုတေသန လုပ်ငန်းတွေရဲ့ ထုတ်ပြန်ချက်အရ ဒီကိုဗစ်ကာကွယ်ဆေးကို ထိုးထားတဲ့သူတွေဟာ တစ်ခါတစ်ခါ ကိုဗစ်ရောဂါကူးစက်မှုရှိပေမယ့် ရောဂါလက္ခဏာ ပြင်းထန်မှု၊ အသက်အန္တရာယ် ခြိမ်း ခြောက်မှုတွေက လျော့နည်းတာတွေရှိပါတယ်။ ဒါကြောင့် အခွင့်အရေးရရင် လက်လွှတ်မခံကြပါနဲ့။ ဘယ်ကပဲရရ ဒီကိုဗစ်ကာကွယ်ဆေးကို ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်”
ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေက ရောဂါလက္ခဏာတွေ ပြင်းထန်မှုမရှိခဲ့တာအပြင် သေဆုံးမှု တွေ နည်းပါးခဲ့လို့ ပြည်သူတွေကြားမှာ ပေါ့ဆမှုတွေ၊ လျှော့တွက်မှုတွေရှိခဲ့ကြပေမယ့် အခုတစ်ကြိမ်မှာ ရောဂါလက္ခဏာ တွေကလည်းပိုပြင်းထန်သလို သေဆုံးမှုတွေကလည်း ပိုများလာတာကြောင့် မပေါ့ဆ ကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA/ULA) က ရခိုင်ပြည်နယ်တစ်ဝန်း ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့အထိ အချိန် ၂ ပတ်ကြာ နေအိမ်မှာ နေထိုင်ရေး Stay at Home အဖြစ် သတ်မှတ်ကြေညာချက်ကို ပြည်သူ ၇၅ ရာခိုင်နှုန်းလောက်က လိုက်နာကျင့်သုံးတာကို တွေ့ရပေမယ့် ပြည်သူအချို့က ပေါ့ပေါ့တန်တန်သဘော ထားပြီး စည်းကမ်းတွေကို လိုက်နာမှုမရှိတာကို တွေ့ရတယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
စစ်တွေ အပါအဝင် မြို့နယ်အချို့မှာ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာ ပုံမှန်အတိုင်းဖွင့်ပြီး သောက် စားနေကြတာကို တွေ့နေရတာဟာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကူးစက်ရောဂါကာလမှာ ကိုယ့်အသက်အန္တရာယ်ကို မနှမြောရင်တောင်မှ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်မြို့ရွာတွေကို ကာကွယ်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စည်းကမ်းတကျလိုက်နာပြီး ကိုဗစ်ရောဂါအတွက် အသက်စွန့်ပြီး ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေနဲ့အတူ ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ရက္ခိုင့် တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဇူလိုင်လ ၂၄ ရက်နေ့အထိ ရခိုင် ပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၂ ဦးရှိနေပြီး ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်ကလည်း ၂၁၀၁ ဦး ရှိနေပြီဖြစ်ပါတယ်။