ဖမ်းဆီးခံရတဲ့ မင်းပြားဒေသခံ နှစ်ဆယ်ကျော်ကို ကယ်တင်ခဲ့တယ်လို့ AA ထုတ်ပြန်

တိုင်းဗဟို (၉) ကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ဒေသခံနှစ်ဆယ်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းများမှ သိမ်းယူရရှိသည့် လက်နက်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော်( AA) မှ ထုတ်ပြန်ထားစဉ်။ AA Info Desk

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က အမှတ် ၉ တိုင်းဗဟိုလေ့ကျင်ရေးသင်တန်းကျောင်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဓားစာခံအဖြစ် ဖမ်းခေါ်သွားတဲ့ ဒေသခံ နှစ်ဆယ်ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၉ ရက်နေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။

တိုင်းဗဟို (၉) ကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ဒေသခံနှစ်ဆယ်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဒေသခံတွေကို ဦးဆောင်ခေါ်သွားတဲ့ တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးနဲ့ တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ (၈) ရက်နေ့မနက်က အသေဖမ်းမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ကျောက်တော်၊ တပ်မဌာနချုပ်နဲ့ မင်းပြားမြို့၊ ကမ်းနီရွာအနီးက အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းအပါအဝင် တခြားနေရာတွေက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေကို နေ့စဉ်ဖမ်းမိနေတယ်လို့လည်း ဆိုပါတယ်။

AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ စခန်းအချို့ဆုံးရှုံးနေပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောတောင်တွေထဲမှာ ရှိနိုင်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့လည်း သတိပေးထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား လေးလနီးပါး တိုက်ပွဲတွေအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ပြို၊ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် AA က သိမ်းပိုက်လိုက်တဲ့ မြို့ပေါင်း ကိုးမြို့ ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org