သံတွဲနဲ့ဂွအနီး ပင်လယ်ပြင်မှာ အရပ်သားလှေတွေ မသွားလာဖို့ AA ထုတ်ပြန်
အရပ်သားတွေအနေနဲ့ စစ်ကောင်စီက အတင်းအဓမ္မ အကျပ်ကိုင်ပြီး ဖိအားပေးစေခိုင်းမယ်ဆိုရင်လည်း မလုပ်ကြဖို့ သတိပေးထားပါတယ်။
-
RFA Burmese
2024-08-01 -
-
-
ရခိုင်ပြည်နယ် သံတွဲနဲ့ ဂွမြို့နယ်က ပင်လယ်ပြင်မှာ အရပ်သားလှေတွေ သွားလာခွင့်ကိုအကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အရပ်သားပိုင် မော်တော်ဘုတ်တွေ၊ လှေတွေကို အသုံးပြုပြီး ရေကြောင်းကနေတစ်ဆင့် စစ်အင်အား ဖြည့်တာအပြင် ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေ ဆက်တိုက် သယ်ယူပို့ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် သံတွဲနဲ့ ဂွမြို့နယ်ဝန်းကျင် ပင်လယ်ပြင်မှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားတာ၊ စစ်ရေးပြင်ဆင်တာတွေအတွက် အထောက်အပံ့ဖြစ်နေတဲ့ အရပ်သားလှေတွေ မသွားလာဖို့ ဩဂုတ်လ ၁ ရက်နေ့က စပြီး အကန့်အသတ်မရှိ အရေးပေါ်ပိတ်လိုက်တာလို့လည်း ရေးသားထားပါတယ်။
အရပ်သားတွေအနေနဲ့ စစ်ကောင်စီက အတင်းအဓမ္မ အကျပ်ကိုင်ပြီး ဖိအားပေးစေခိုင်းမယ်ဆိုရင်လည်း မလုပ်ကြဖို့ သတိပေးထားပါတယ်။ အရေးပေါ်ကျန်းမာရေးကိစ္စ၊ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေရှိခဲ့ရင် သက်ဆိုင်ရာ AA ရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေမှူးတွေကို ဆက်သွယ်ပြီး သတ်မှတ်ထားတဲ့လမ်းကြောင်းတွေကနေပဲ သွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လုံခြုံရေးယူထားတဲ့နေရာတွေမှာ ကြည်ကြည်ဖြူဖြူ စစ်ဆေးခံဖို့နဲ့ ကြေညာချက် ရုပ်သိမ်းကြောင်း မထုတ်မပြန်မချင်း သံတွဲနဲ့ ဂွအနီး ပင်လယ်ပြင်မှာ ဖြတ်သန်းသွားလာတာတွေ လုံးဝမလုပ်ဖို့ ထည့်သွင်းရေးသားထားပါတယ်။
ဒီကြေညာချက်အသေးစိတ်နဲ့ ပတ်သက်ပြီး သိရဖို့ AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
သံတွဲမြို့မှာ စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့ စခန်းတွေနဲ့ မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် အရပ်သားဟန်ဆောင်ပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက အရပ်သားလှေတွေကို အသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်ရဲ့ မောင်ရွှေလေး ရေတပ်စခန်းနဲ့ ပင်လယ်မှာ တပ်စွဲထားတဲ့ ရေတပ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ အဲဒီနေရာတွေကနေ ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာရက္ခတပ်တော် (AA) ဟာ သံတွဲမြို့အပါအဝင် စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅)နဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၆)တပ်ကို သိမ်းပိုက်ပြီးနောက် သံတွဲမြို့နယ်မှာ တစ်ခုတည်းသာ ကျန်တော့တဲ့ မောင်ရွှေလေး ရေတပ်ကို ထိုးစစ်ဆင်နေပါတယ်။
သံတွဲမြောက်ဘက်ရှိ တောင်ကုတ်နဲ့ တောင်ဘက်မှာရှိတဲ့ ဂွမြို့တွေရှိ စစ်ကောင်စီစခန်းတွေနဲ့ သိမ်းပိုက်ဖို့ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။