ရှမ်းပြည်နယ်မှာ အခြေချဖို့ AA ငြင်းဆန်
တပ်မတော်က အဆိုပြုလာတဲ့ ပဏာမအပစ်ရပ်စာချုပ်မူကြမ်းမှာ ပါဝင်တဲ့ AA ရခိုင့်တပ်တော် ရှမ်းပြည်နယ်မှာ အခြေချရေး ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က RFA ကို ပြောပါတယ်။
-
2019-09-05 -
-
-
တပ်မတော်က အဆိုပြုလာတဲ့ ပဏာမအပစ်ရပ်စာချုပ်မူကြမ်းမှာ ပါဝင်တဲ့ AA ရခိုင့်တပ်တော် ရှမ်းပြည်နယ်မှာ အခြေချရေး ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က RFA ကို ပြောပါတယ်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မိုင်းလားမှာ တွေ့ဆုံချိန် တပ်မတော်က ပေးလိုက်တဲ့ အဲဒီမူကြမ်းမှာ ပါဝင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကျိုင်းတုံဆွေးနွေးပွဲမှာ လက်မခံတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
AA တစ်ဖွဲ့တည်း မဟုတ်ဘဲ ကျန်အဖွဲ့တွေလည်း သဘောမတူနိုင်တာကြောင့် ကျိုင်းတုံဆွေးနွေးပွဲမှာ မြောက်ပိုင်းအဖွဲ့လေးဖွဲ့ရဲ့ ဘုံသဘောတူညီချက်ကို ပြန်ပေးခဲ့တယ်လို့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လာမယ့် စက်တင်ဘာ ၁၆၊ ၁၇ ရက်နေ့တွေမှာ စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ အဆိုပြုထားတဲ့အချက်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်ဆင်တာတွေကိုရပ်တန့်ပေးဖို့၊ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေကို ပြန်လွှတ်ပေးဖို့၊ ရခိုင်ရွာတွေကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ရပ်တန်းပေးဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။
အစိုးရဘက်က လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအရှိန်တွေကို အမြန်ဆုံးလျှော့ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းချိန်မှာ သူက ဒီအကြောင်းအရာကို မသိရှိသေးကြောင်း ပြောပါတယ်။
ဒီသတင်းမှာ "AA ကို ရှမ်းပြည်နယ်မှာ အခြေချဖို့" ဆိုပြီး ဒေါက်တာညိုထွန်းအောင် ပြောကြားချက်ဟာ နားလည်မှုလွဲမှားပြီး "ကချင်ပြည်နယ်" နေရာမှာ "ရှမ်းပြည်နယ်" လို့ ပြောခဲ့တာဖြစ်ကြောင်း AA အဖွဲ့ဝင်တစ်ဦးက RFA ကို ပြန်လည်ပြောကြားခဲ့ပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)