မိုင်းပေါက်ကွဲမှု AA အဖွဲ့ လုပ်တာမဟုတ်ကြောင်း ငြင်းဆို

ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ မကြာခဏ မိုင်းတွေတွေ့ရှိနေတာနဲ့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်နေ တာတွေဟာ ရက္ခိုင့်တပ်မတော် AA ရဲ့ လက်ချက်မဟုတ်ဘူးလို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ဒီနေ့ ငြင်းဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ မကြာခဏ မိုင်းတွေတွေ့ရှိနေတာနဲ့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်နေတာတွေဟာ ရက္ခိုင့်တပ်မတော် AA ရဲ့ လက်ချက်မဟုတ်ဘူးလို့ AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဒီနေ့ ငြင်းဆိုပါတယ်။

ရက္ခိုင့်တပ်မတော်အနေနဲ့ အများပြည်သူသွားလာနေတဲ့ လမ်းမကြီးတွေမှာ မိုင်းထောင်တာမျိုး မလုပ်ဘူးလို့ ခိုင်သုခက ပြောပါတယ်။

"ကျနော်တို့က လမ်းမကြီးတွေပေါ်မှာ အများပြည်သူ သွားလာနေတဲ့ လမ်းမ  ကြီးတွေပေါ်မှာ အဲဒီလိုမျိုး မိုင်းထောင်တဲ့ဥစ္စာမျိုး ကျနော်တို့က  မလုပ်ဘူး။ ဟိုဘယ်လိုပြောမလဲ ကျနော်တို့ ယူဆချက် ကတော့ မြန်မာ့တပ်မတော်  အနေနဲ့က ကျနော်တို့ ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်သူလူထုက  အထင် အမြင်လွဲလာအောင် အဲဒီလိုမျိုး လုပ်ကြံတဲ့ ဥစ္စာလိုမျိုး ကျနော်တို့ကတော့  အဲဒီလိုပဲ ယူဆတယ်ဗျ"

ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်ပိုင်းလောက်က စပြီး မိုင်းပေါက်ကွဲမှုအချို့ ရှိခဲ့သလို မပေါက်ကွဲသေးတဲ့ မိုင်းတွေကိုလည်း မကြာခဏ တွေ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က မြောက်ဦးမြို့နယ်တွင်းမှာရှိတဲ့ ထမ္မရာဇ်ရွာနားမှာ မိုင်း ၂ လုံး တွေ့ရှိတာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာမှာ AA အဖွဲ့က ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်လို့ ပါရှိပါတယ်။

မနေ့ကလည်း မြေပုံမြို့နယ်အတွင်း သီလာရွာနားက ရန်ကုန် -စစ်တွေ ကားလမ်းပေါ်မှာ တပ်မတော်ယာဉ်တန်း ဖြတ်သန်းသွာချိန်မှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး တပ်မတော်သား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေရာတွေဟာ တပ်မတော် ထိန်းချုပ်တဲ့နယ်မြေဒေသတွေဖြစ်ပြီး လုံခြုံရေး တင်းကျပ်တဲ့အတွက် AA အနေနဲ့ မိုင်းထောင်တာ မလုပ်ဘူးလို့ ခိုင်သုခက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ချင်းပြည်နယ် ပလက်ဝမြို့ နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာလည်း နိုဝင်ဘာလ ၁၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၉ ရက် ဒီကနေ့အထိ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲ အကြိမ်ရေ ၁၃၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ AA က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org