ရခိုင် ရှေးဟောင်းမြောက်ဦးမြို့ကို AA ထိန်းချုပ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က AA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက် အမှတ် (၃၁) ရဲတပ်ရင်း ဌာနချုပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လက တွေ့ရစဉ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တစ်ခုသာကျန်ရှိတော့တဲ့ အမှတ် (၃၁) ရဲတပ်ရင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြောက်ဦးမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၇၇)၊ (၃၇၈) နဲ့ (၅၄၀) ရှိပြီး အဲဒီတပ်ရင်းတွေကို ကနဦး သိမ်းပိုက်ပြီးနောက် နောက်ဆုံးကျန်ရှိနေတဲ့ အမှတ် (၃၁) ရဲတပ်ရင်းကို အပြီးသိမ်းပိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိမှာ ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံတပ်ရင်း ဆယ်ရင်းလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး မြောက်ဦး အပါအဝင် ကျောက်တော်၊ မင်းပြားမြို့တွေမှာ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

အခုလို မြို့တွေအသိမ်းခံရတာနဲ့ပတ်သက်လို့ စစ်ကောက်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရပါဘူး။

ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်တဲ့ မြောက်ဦးမြို့ဟာ ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်း မင်းနေပြည်တော်လည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org