ကျောက်တော် ခမရ ၅၃၉ တပ်ရင်းကို AA သိမ်းပိုက်

လက်နက်ချတဲ့အထဲမှာ စစ်ကောင်စီတပ်သားနဲ့ မိသားစု စုစုပေါင်းသုံးရာလောက်ရှိပြီး သူတို့တွေကို AA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံကပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခမရ (၃၀၈) တပ်ရင်းအားတိုက်ခိုက်သည့်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော် (AA)က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည့်ပုံ။ AA Info Desk

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ရွာအနီးက ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ ဒီကနေ့မှာ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မနေ့ညပိုင်းမှာ စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေရော၊ မိသားစုဝင်တွေပါ လက်နက်ချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကတည်းက အပြင်းအထန် တိုက်ပွဲဖြစ်တာ။ လေယာဉ်တွေနဲ့ လည်းလာပစ်တယ်။ AA ကလည်း ဒရုန်းတွေနဲ့ ဗုံးတွေချတယ်။ မနက်ကလည်း တိုက်ပွဲဖြစ်သေးတယ်။ ပြီးမှမခံနိုင်တော့လို့ လက်နက်ချ အညံ့ခံတာလို့သိရတယ်။ စစ်သားတွေရော၊ မိသားစုဝင်တွေလည်း ပါတာမြင်လိုက်တယ်”

လက်နက်ချတဲ့အထဲမှာ စစ်ကောင်စီတပ်သားနဲ့ မိသားစု စုစုပေါင်းသုံးရာလောက်ရှိပြီး သူတို့တွေကို AA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းဆိုပါတယ်။

ခမရ ၅၃၉ တပ်ရင်းကို သိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာမရှိပါဘူး။

ဒီနေ့ အသိမ်းခံရတဲ့ ခမရ ၅၃၉ တပ်ရင်းအနီးက အမြောက်တပ် အမတ ၃၇၇ တပ်ရင်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org