AA၊ TNLA နဲ့ MNDAA အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီကြေညာ

ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တပ်ဖွဲ့ဝင်များ။ Photo: Arakan Army

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂ ရက်နေ့ညမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA၊ TNLA နဲ့ MNDAA အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတ်မှတ်လိုက်တာလို့ စစ်ကောင်စီက ကြေညာပါတယ်။

AA၊ TNLA နဲ့ MNDAA အဖွဲ့တွေဟာ လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ၊ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ Drop ဗုံးတွေ ကြဲချတိုက်ခိုက်တာတွေလုပ်နေတာကြောင့် အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်လိုက်တာနဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ “၁၀၂၇ စစ်ဆင်ရေး” ကြေညာပြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကမြို့တွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပြီး တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့က ပူးပေါင်းပါဝင် တိုက်ခိုက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org