AA၊ TNLA နဲ့ MNDAA တို့ ညီလာခံတက်ဖို့ အဆင်သင့်ရှိ

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ရေးမူကို ချမှတ်ခဲ့တဲ့ အပေါ် ကြိုဆိုထောက်ခံကြောင်းနဲ့ ညီလာခံတက်ရောက်ဖို့ အဆင်သင့်ရှိနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းလားမှာ သြဂုတ်လ ၉ ရက်နေ့က TNLA ဥက္ကဌ ဦးတာအိုက်ဖုန်း၊ AA ဥက္ကဌ ဦးထွန်းမြတ်နိုင်၊ MNDAA ဥက္ကဌ ဦးဖုံတာရွှင် ၊MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းတို့နဲ့ အစိုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံစဉ် Photo: Peace Commission

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ရေးမူကို ချမှတ်ခဲ့တဲ့အပေါ် ကြိုဆိုထောက်ခံကြောင်းနဲ့ ညီလာခံတက်ရောက်ဖို့ အဆင်သင့်ရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ရေးမူကို ဆုံးဖြတ်ခဲ့တာ ကို ထောက်ခံကြောင်း TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။

"၃၁ ရက်နေ့ ညီလာခံ ကျင်းပတဲ့အချိန်မှာဆိုရင် ကျင်းပရေးကော်မတီက ကျနေ်ာတို့ကို ဖိတ်တယ်ဆိုရင် ပူးပေါင်းပါဝင်တက်ရောက်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်တယ်ဆိုတာ ကျနော်အဓိကပြောပြချင်တာပါ၊ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကော်မတီက အားလုံးပါဝင်ရေးမူကို လက်ခံတယ်၊ ၂၁ ရာစု ပင်လုံညီလာခံလုပ်ရင် အားလုံးပါဝင်ရမယ်ဆိုတဲ့အပေါ်မှာ အားလုံးပါဝင်ရေးမူဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်ခွင့်ရလိမ့်မယ်၊ ထိုနည်းတူစွာပဲ ကျနော်တို့ မဟာမိတ် ၃ ဖွဲ့လည်း ပါဝင်ခွင့် အခွင့်အလမ်းရှိလိမ့်မယ်လို့ အဲ့လိုမျိုးနားလည်ပါတယ်"

လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ဖို့ လက်ရှိအချိန်အထိတော့ ကမ်းလှမ်းလာတာ မရှိသေးကြောင်းနဲ့ ညီလာခံ တက်ရောက်ခွင့်ဖိတ်စာကို မိုင်းလားအဖွဲ့ကတဆင့် ကမ်းလှမ်းလာ မယ်လို့ မျှော်လင့်ကြောင်း ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မိုင်းလားဒေသမှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နဲ့ အစိုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးတို့ တွေ့ဆုံရာမှာ အဲဒီအဖွဲ့ သုံးဖွဲ့အနေနဲ့ လက်နက်စွန့်ရေးအတွက် ကြေညာချက်ထုတ်ပြန်မှသာ ညီလာခံတက်ရောက်ခွင့်ရမယ်လို့ ပြောခဲ့ပါတယ်။

AA ရခိုင့်တပ်မတော်၊TNLA တအာင်းပလောင်အဖွဲ့နဲ့ MNDAA ကိုးကန့်အဖွဲ့တွေက လက်နက်စွန့်ရေးမူကို လက်မခံကြောင်း ပြောခဲ့တဲ့အတွက် ညီလာခံတက်ရောက်ရေးအတွက် အခက်အခဲဖြစ်နေရတာဖြစ်ပါတယ်။

တကယ်လို့ ၂၁ ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ဘယ်လိုရပ်စဲကြမလဲ၊ နိုင်ငံရေး ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲဆိုတာကို ပူးပေါင်းဆွေးနွေး သွားမယ်လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့အတွက် အစိုးရက ကမ်းလှမ်းလာမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က တက်ရောက်ဖို့ အဆင့်သင့်ရှိကြောင်း AA၊ TNLA နဲ့ MNDAA တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ TNLA တအာင်းပလောင်အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org