အောက်တိုဘာလအတွင်း အသက်မပြည့်သူ ၂၀ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

အသက် တစ်နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် ၁၈ နှစ်အောက် ယောက်ျားလေး ဆယ်ဦးနဲ့ မိန်းကလေး ဆယ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

မတ္တရာမြို့နယ် အနောက်ခြမ်း ဝေါစုရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးဒုက္ခသည်စခန်းအား စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဥ်။ Wetlet Informational Network Photo

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးပတ်ကျော်အတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အောက် လူငယ် အယောက် နှစ်ဆယ် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

AAPP ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အသက် တစ်နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် ၁၈ နှစ်အောက် ယောက်ျားလေး ဆယ်ဦးနဲ့ မိန်းကလေး ဆယ်ဦး စုစုပေါင်း အယောက် နှစ်ဆယ်သေဆုံးခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦး၊ လက်နက်ကြီးကြောင့် လေးဦးနဲ့ သေနတ်ပစ်မှုကြောင့် သုံးဦးပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းက သေဆုံးမှုအများဆုံးဒေသဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခြောက်ထောင်နီးပါး (၅,၈၇၉) သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး ၆၅၃ ယောက် ပါဝင်ပါတယ်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရတဲ့ ကလေးအရေအတွက် ၅၇၂ ယောက်ရှိတယ်လို့ AAPP က အောက်တိုဘာ ၂၃ ရက်နေ့စာရင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org