ကိုဂျင်မီဖမ်းဆီးခံရမှု အကျိုးဆက်ကို စစ်အုပ်စုတာဝန်ခံရမယ်လို့ AAPP ထုတ်ပြန်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီ ဖမ်းဆီးခံ ရတာနဲ့ ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ စစ်အုပ်စုအနေနဲ့ တာဝန်ခံ ရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ ရက် ဒီနေ့ ထုတ် ပြန်ပြောဆိုလိုက်ပါတယ်။
- 2021-10-25
-
-
-
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ စစ်အုပ်စုအနေနဲ့ တာဝန်ခံရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို ဖမ်းဆီးရာမှာလည်း စစ်တပ်က အင်အားအလွန်အကျွံ သုံးခဲ့သလို ဦးခေါင်းမှာလည်း အသက်အန္တရယ်စိုးရိမ်ရနိုင်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုမျိုး ကိုဂျင်မီ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကာကွယ်ပေးဖို့အတွက်ကိုလည်း AAPP က တောင်းဆိုထားပါတယ်။
ကိုဂျင်မီ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ နေ့လယ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခြေအနေတွေကို သူ့အနေနဲ့ တစ်စုံတစ်ရာ ပြောဆိုလို့ မရသေးကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
၈၈ မျိုးဆက်က ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုဂျင်မီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။
ကိုဂျင်မီဟာ ၁၉၈၈ ခုနှစ်ကစလို့ ၂၀၁၅ ခုနှစ်အထိ တစ်ကြိမ် နှစ်ရှည် ဖမ်းဆီးခံခဲ့ရဖူးသလို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိလည်း စစ်အစိုးရရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။
လက်ရှိမှာတော့ ကိုဂျင်မီဟာ စစ်ဆေးရုံတစ်ခုမှာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ကုသမှုခံယူနေရပြီး စစ်ကောင်စီက ဖေဖော်ဝါရီလကတည်းက တပ်မတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲ ဆိုထားပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။