ဆယ်ရက်အတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရကြောင်း AAPP ထုတ်ပြန်

အဲဒီအမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ငါးဦးနဲ့ အများဆုံး သတ်ဖြတ်ခံရတဲ့ဒေသ ဖြစ်တယ်လို့လည်း AAPP စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

နိုင်ငံတစ်ဝန်း ဧပြီ ၁ ရက်ကနေ ၁၁ ရက်နေ့အထိ ဆယ်ရက်အတွင်း စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဧပြီ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ငါးဦးနဲ့ အများဆုံး သတ်ဖြတ်ခံရတဲ့ဒေသ ဖြစ်တယ်လို့လည်း AAPP စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူ ၁၂ ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ခြောက်ဦးနဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီးပစ်ခတ်တာကြောင့် ငါးဦးသေဆုံးခဲ့သလို တစ်ဦးကတော့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၆၁ ဦး သေဆုံးခဲ့တယ်လို့ AAPP က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၇၅၄ ဦးအထိ သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org