ဗကသ ခေါင်းဆောင်များ ဖမ်းဆီးခံရသည့်ကိစ္စ ၈၈ မျိုးဆက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

သမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရတဲ့ ဇူလိုင်လ ၇ ရက်နေ့ seven july အခမ်းအနား မတိုင်မီ မနေ့က ဗကသ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၈၈ မျိုးဆက် ရုံးခန်းတွေကို ဝင်ရောက်ရှာဖွေတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်နေချိန်မှာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မနေ့ ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား မတိုင်မီ ဗကသ ကျောင်းသား ခေါင်းဆောင်များအား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်က ၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်။ RFA

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာ အမိုးအကာအောက်မှာ အေးချမ်းစွာ အခမ်းအနား ကျင်းပတယ်ဆိုတဲ့ အလေ့အကျင့်မျိုးကို တားဆီးပိတ်ပင်တာဟာ မလိုလားအပ်တာတွေ ဖြစ်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ကျွန်တော် အခုပြောချင်တာကတော့ ခဏပဲခေါ်ခေါ်ပေါ့။ ဘယ်လိုပဲပြောပြောပါ။ ကျွန်တော်တို့တုန်းကလည်း ခဏဆိုပြီးတော့ ၁၆ နှစ်ကြာခဲ့တာပဲ။ အခုလည်း တကယ့်တကယ် ဒီနေ့ခေါ်သွားပြီး နောက်နေ့ ပြန်လွှတ်တယ် ဆိုရင်တောင်မှ ဖမ်းတာဟာ ဖမ်းတာပဲဗျ။ လူတစ်ယောက်ကို မေးစရာရှိတယ် ဆိုလို့ရှိရင်တောင် တော်တော်တရားလွန်နေပြီဗျ။ အဲတာမေးစရာရှိတယ်ဆိုတာကို ကိုယ့်အိမ်ကိုယ့်ယာမှာ မေးပြီးပြန်သွားတာ မဟုတ်ဘဲ လူကို ခေါ်သွားတယ် ဆိုကတည်းကနော် ဒါဖမ်းတာ ဖမ်းတာပဲ။ နာရီပိုင်းဖမ်းလည်း ဖမ်းတာပဲ။ ရက်ပိုင်းဖမ်းလည်း ဖမ်းတာပဲ။ အဲတော့ သေချာတာကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့ ကျွန်တော်တို့ကိုယ်တိုင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေတဲ့ အချိန်မှာ အဲဒီလက်ရှိ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်အချို့ဟာ အတားအဆီးနဲ့ စပြီးတော့ မလိုလားအပ်တဲ့ အခြေအနေတစ်ခု တာစူနေပြီဆိုတာကတော့ အားလုံးမြင်တွေ့နိုင်ပါတယ်"

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်ပြီး နောက်ကြောင်း ပြန်လှည့်သွားတာမျိုးကို မလိုလားပေမယ့် ဒီမိုကရေစီ အခွင့်ရေးတွေကို ငြိမ်းချမ်းစွာ ဖော်ဆောင်ခွင့် ပိတ်ပင်ခံရတဲ့ အထိတော့ လက်မခံနိုင်ဘူးလို့ ကိုမင်းကိုနိုင်က ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ ဆက်ပြီးတော့ ထိန်းသိမ်းဖို့ ကြိုးစားမယ်။ သို့သော်လည်း ကျွန်တော်တို့ ထိန်းသိမ်းတယ်ဆိုတဲ့ အရာဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးစည်းဖြစ်တဲ့ ငြိမ်းချမ်းစွာ အခမ်းအနား ကျင်းပတာမျိုး၊ ငြိမ်းချမ်းစွာ ဖော်ဆောင်တာမျိုးရဲ့ နောက်ကိုတော့ ကျွန်တော်တို့ ဆုတ်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် မနက်ကျရင် ကျွန်တော်တို့ အခမ်းအနားကို မဖြစ်ဖြစ်အောင် ကြိုးစားမယ်။ နောက်ဆုံး တစ်ယောက်တည်းကျန်ရင် တစ်ယောက်တည်း အခမ်းအနားကို ကျင်းပမယ်"

မနေ့က သောကြာနေ့ ညပိုင်းမှာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင်တို့ အပါအဝင် မြန်မာပြည်အနှံက ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၂၀ ကျော်လောက်ကို အစိုးရ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ရုံးခန်းကိုလည်း ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေကတော့ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဖြစ်အောင် ကျင်းပသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org