ဒီပဲယင်း နှစ်ပတ်လည်အခမ်းအနားများ ကျင်းပ

ဒီကနေ့ ကျရောက်တဲ့ ဒီပဲယင်းအကြမ်းဖက်မှု (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီပဲယင်းခရီးစဉ်မှာ ကိုယ်တိုင် လိုက်ပါခဲ့ပြီး အရိုက်ခံခဲ့ရသူ သာစည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးသန်းဆောင်ရဲ့ နေအိမ်မှာ ဆွမ်းကပ် တရားနာပြီး သေဆုံးခဲ့သူတွေကို အမျှပေးဝေခဲ့ကြပါတယ်။

မြို့နယ် ၇ ခုက NLD အဖွဲ့ဝင်တွေနဲ့အတူ ဒီပဲယင်း (၈) နှစ်ပြည့် အထိမ်းအမှတ် သံဃာ ၅ ပါးကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဦးသန်းဆောင်က ပြောပါတယ်။

“သံဃာတော်တွေကို ပရိတ် တရားနာပြီး အန္တရာယ်ကင်း ဆွမ်းကျွေးကပ်ပေါ့။ ပြီးတာနဲ့ ကျနော်တို့ NLD အဖွဲ့ဝင်တွေ အားလုံး ရောက်လာတဲ့အခါ ကျတော့မှ နှစ်ပတ်လည်နေ့မှာ ဆွေးနွေးတိုင်ပင် ဟောပြောပေါ့။ မနေ့က ကတည်းက လုံခြုံရေးက လာပြီး စောင့်ကြည့်ပါတယ်။ ဘာမှတော့ တားတာ ဆီးတာ မရှိပါဘူး”

ဒီ ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို သာစည်၊ ပျော်ဘွယ်၊ မိထ္ထီလာ၊ ဝမ်းတွင်း၊ တပ်ကုန်း၊ နေပြည်တော်၊ လယ်ဝေး၊ မန္တလေး အနောက်မြောက်၊ အရှေ့တောင်၊ ပြည်ကြီးတံခွန် စတဲ့မြို့နယ်တွေက NLD အဖွဲ့ဝင်တွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။

အလားတူပဲ အမေရိကန်နိုင်ငံရောက် NLD အဖွဲ့ဝင်တွေကလည်း ဒီကနေ့ ကျရောက်တဲ့ ဒီပဲယင်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ဒီပဲယင်း ခရီးစဉ်မှာ ကိုယ်တိုင် လိုက်ပါခဲ့တဲ့ NLD အဖွဲ့ဝင်တွေက သံဃာ ၅ ပါးကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့ရောက် မန္တလေးတိုင်း NLD အဖွဲ့ဝင် ဒေါ်ညွန့်ညွန့်က ပြောပါတယ်။

ဒီ ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဖို့ဝိန်းမြို့ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၅ဝ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org