ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို အိန္ဒိယကုမ္ပဏီ အရှုံးခံရောင်းချ ထွက်ခွာ

Adani ကုမ္ပဏီဟာ ရန်ကုန်မြို့မှာတည်ဆောက်မယ့်စီမံကိန်းကို အရှုံးခံပြီး ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံရှိ Adani ဆိပ်ကမ်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ Adani

အိန္ဒိယ အခြေစိုက် Adani အုပ်စု ကုမ္ပဏီဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာတည်ဆောက်မယ့် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဒေါ်လာ သန်းပေါင်းများစွာ အရှုံးခံပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ ရိုက်တာသတင်းမှာ မတ်လ ၄ ရက်နေ့က ဖော်ပြပါတယ်။

အဒါနီ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို Solar Energy Ltd ဆိုတဲ့ ကုမ္ပဏီက ဒေါ်လာသန်း ၃၀ နဲ့ ဝယ်ယူမှာဖြစ်ပြီး၊ ဒီကုမ္ပဏီဟာ ဘယ်နိုင်ငံကလဲဆိုတာ မသိရသေးဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့အတွက် အဒါနီအုပ်စု ကုမ္ပဏီဟာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကိုရောင်းချပြီး ထွက်ခွာတော့မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့နှစ် မေလက ကြေညာခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုအရေးယူမှုတွေကြုံနေရတဲ့ အဖွဲ့အစည်းတွေနဲ့ အတူလုပ်လုပ်ဖို့ မဖြစ်နိုင်တာကြောင့် အခုလို ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ အဲဒီအချိန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေလက စာရင်းတွေအရ၊ အဒါနီအုပ်စု ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ထောင်ဖို့ အမေရိကန်ဒေါ်လာ ၁၂၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဒီအထဲက ဒေါ်လာ သန်း ၉၀ ဟာ မြေနေရာအတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးရဲ့ ရိုက်တာကို ပြောပြချက်အရ မြန်မာနိုင်ငံမှာ အဒါနီ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၉၅ သန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို ဒေါ်လာ သန်းပေါင်းများစွာ အရှုံးခံပြီး ရောင်းချလိုက်ရတာနဲ့ ပတ်သက်လို့ အဒါနီ ကုမ္ပဏီက တာဝန်ရှိသူတွေကတော့ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org