ငါန်းဇွန်မြို့နယ် သံဘိုကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ဇနီး အသတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ သံဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ဇနီးဒေါ်အေးမြတို့ ဇန်နဝါရီလ ၅ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့အဝင်တစ်နေရာအား တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ သံဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ဇနီး ဒေါ်အေးမြတို့ ဇန်နဝါရီလ ၅ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Youth Guerrilla Counter Revolution(TGYR)၊ Black Hero Guerrilla Force နဲ့ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဦးစိုးနိုင်နဲ့ ဇနီးဖြစ်သူဟာ စစ်ကောင်စီသတင်းပေးတွေလုပ်နေတဲ့အတွက် သတ်ဖြတ်ခဲ့တာလို့ TGYR အဖွဲ့တာဝန်ခံက ပြောပါတယ်။

“သူ့အိမ်ရှေ့က ဈေးဆိုင်မှာပဲ ကျနော်တို့ ရှင်းလင်းခဲ့တာပါ။ ငါန်းဇွန်းမှာ ဆန္ဒတွေ စပြခါစတုန်းက သူ့ကြောင့် တောင်အောက်ရွာက ပြည်သူတစ်ဦး အဖမ်းခံခဲ့ရတယ်။ အဲဒီနောက်ပိုင်း အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်တွေကို ရွာထဲမကြာခဏ ခေါ်လာတယ်။ ပျူစောထီးဖွဲ့ဖို့အထိ လုပ်နေတဲ့သူပါ”

ဇန်နဝါရီ ၄ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ စီကောင်းရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနဲ့ဇနီး ဒေါ်အေးငွေတို့ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

အုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထားသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်က သူ့ကိုဆန့်ကျင်သူတွေကို ပစ်မှတ်ထားနှိမ်နင်းနေသလိုပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံးတွေ၊ ရဲစခန်းတွေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေ လည်း ပစ်မှတ်ထားတိုက်ခိုက်ခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org