ကြိုတင်မဲကိစ္စ မကွေးတိုင်းမှာ အငြင်းပွား

မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အသက်(၆၀)နဲ့အထက် အသက် အရွယ်ကြီးသူတွေကို အောက်တိုဘာလ (၂၉) ရက်ကစလို့ ကြိုတင်မဲပေးခွင့်ပြု ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မကွေးတိုင်းအတွင်း အသက်အရွယ်ကြီးသူတွေ မဲပေးခဲ့တဲ့အခါမှာ မဲရုံမှာ တာဝန်ယူဆောင်ရွက်သူတွေနဲ့ မဲပေးတဲ့ အသက်ကြီးသူတွေအကြား အငြင်းပွားခဲ့ကြပါတယ်။

မကွေးတိုင်းမှာ ကြိုတင်မဲလာရောက်ထည့်နေတဲ့ အသက်ကြီးသူတစ်ဦးကို ၂၀၂၀ နိုဝင်ဘာ ၁ ရက်နေ့က တွေ့ရစဉ် Photo: Zaw Two/RFA

မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အသက်(၆၀)နဲ့အထက် အသက်အရွယ်ကြီးသူတွေကို အောက်တိုဘာလ (၂၉)ရက်ကစလို့ ကြိုတင်မဲပေးခွင့်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မကွေးတိုင်းအတွင်း အသက်အရွယ်ကြီးသူတွေ မဲပေးခဲ့တဲ့အခါမှာ  မဲရုံမှာ တာဝန်ယူဆောင်ရွက်သူတွေနဲ့ မဲပေးတဲ့ အသက်ကြီးသူတွေအကြား အငြင်းပွားခဲ့ကြပါတယ်။

မဲရုံတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုကြောင့် ထည့်ခဲ့တဲ့မဲတွေဟာ ပယ်မဲဖြစ်သွားမှာကို အသက်ကြီးသူတွေက စိုးရိမ်နေကြတာပါ။ 

အသက်ကြီးသူတွေ မဲပေးတဲ့အခါမှာ မိသားစုဝင်တွေနဲ့ အတူမဲလာပေးခွင့်ရှိတယ် ဆိုပေမယ့်လည်း မကွေးမြို့နဲ့ ပေါက်မြို့နယ်တွေက မဲရုံတချို့မှာ မိသားစုဝင်တွေ လိုက်ခွင့်မရခဲ့လို့ ပြီးခဲ့တဲ့အပတ်အတွင်း ကြိုတင်မဲပေးမှုမှာ အသက်ကြီးသူတွေနဲ့ မဲရုံတာဝန်ရှိသူတွေအကြား အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မဲပေးမှုစောင့်ကြည့်လေ့လာသူတွေက အာဏာပိုင်တွေကို တိုင်ကြားခဲ့တာကြောင့် မကွေးတိုင်းဝန်ကြီးချုပ်က ပြည်ထောင်စုကော်မရှင်၊ တိုင်းကော်မရှင်တို့နဲ့အတူ မဲဆန္ဒရှင်တွေဆီကို လာရောက်စုံစမ်းခဲ့ရတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ရှင်းပြပါတယ်။

“တစ်တိုင်းပြည်လုံးကလည်း ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ စိတ်ပူနေရတာလေ၊ ကျနော်တို့ကလည်း ဒီမိုကရေစီအစိုးရ တင်ထားတယ်ဆိုတော့ကာ မှန်မှန်ကန်ကန် အလိမ်အညာကင်းတဲ့ မှန်မှန်ကန်ကန် လုပ်ရပ်တွေကိုပဲ ကျနော်တို့က ဖြစ်စေချင်တာပေါ့၊ ဆရာမကို ကျနော် လေးစားစွာ မေတ္တာရပ်ခံချင်တာက ဒီမှာလည်းလူကြီးတွေပါတယ်၊ မဟုတ်တာ မပြောဘူးလေ ဘာတွေဖြစ်ခဲ့တာတုန်း။ ကျနော်တို့ သိရတဲ့ အတိုင်းဆိုရင်တော့ ဒီမှန်မှန်ကန်ကန်လည်းထွက်ဆိုမယ့် မျက်မြင်သက်သေတွေလည်း ရှိတယ်ပေါ့၊ အာ့ကြောင့်မိုလို့ ဆရာမအနေနဲ့ ဖြစ်ခဲ့တာတွေကို ကျေးဇူးပြုပြီးတော့ ပြောပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်”

မဲဆန္ဒပေးချိန်မှာ တံဆိပ်တုန်းရိုက်နှိပ်တာမဟုတ်ဘဲ မင်တံနဲ့ခြစ်လိုက်မိတာကို မဲရုံတာဝန်ရှိသူတွေက မဲလက်မှတ်လဲမပေးဘဲ တံဆိပ်ထပ်နှိပ်ခိုင်းလို့ ပယ်မဲဖြစ်မှာစိုးရိမ်တာလို့ မဲပေးခဲ့သူ အငြိမ်းစားတက္ကသိုလ် ဆရာမ ဒေါ်လှလှဌေးက ရှင်းပြပါတယ်။

“ကောက်ခြစ်လိုက်တာ၊ ကောက်ခြစ်လိုက်တော့  မရဘူး၊ တံဆိပ်တုံးနှိပ်မှရမှာပေါ့နော် အဲလိုပြောတာ၊ အဲဆိုတံဆိပ်တုံးနှိပ်မှာဆိုတော့ ကျတော့ ဒီဟာကြီးပေါ် တံဆိပ်တုံးထပ်နှိပ်ရင်တော့ ပယ်မဲဖြစ်သွားမှာပေါ့လို့ အဲလိုပြောတော့ကျတော့ အဲဥစ္စာကော်မရှင်က ဆုံးဖြတ်လိမ့်မယ်၊ အဲလိုလုပ်လို့မရဘူးလို့ဆိုပြီး အဲလိုပြော လိုက်တာ”

မကွေးတိုင်း ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာရဲ့ ဖြစ်စဉ်မှာဆိုရင် ရပ်ရွာလူထုရဲ့မကျေနပ်မှုကို အွန်လိုင်းမှာ တိုက်ရိုက်လွှင့်ခဲ့တာရှိခဲ့ပြီး ညမိုးချုပ်တိုင်အောင် ဖြေရှင်းပေးခဲ့ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောပါတယ်။

“ဖြစ်စဉ်အပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်တွေက တော်တော်တော်လေး တွေ့ရတယ်ဗျ၊ ရပ်ကျေးက အထူးသဖြင့် ရပ်ကျေးက အားနည်းချက်ဖြစ်တယ်၊ မြို့နယ်ကလည်း အားနည်းချက်တွေရှိတယ်၊ အထူးသဖြင့် ပြောရရင်တော့ ရပ်ကျေး ကျေးရွာအုပ်ချုပ်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌသည် ကျေးရွာက ပုဂ္ဂိုလ်ပေါ့၊ အတွင်းရေးမှူးသည် ထွေအုပ်စာရေးပေါ့၊ ဒါထွေအုပ်စာရေး ပိုပြီးတော့ အဓိကကျတယ်၊ ဘာတုန်းဆိုတော့ ဝန်ထမ်းလည်းဖြစ်တယ်၊ ဥပဒေကြောင်းဆိုင်ရာ ဆိုလို့ရှိရင်သူက ဒီအဖွဲ့ကို ဦးဆောင်တဲ့သူဖြစ်တယ်၊ အဲတော့ အဲဒီတော်‌တော်များများသည် ပေါက်မြို့နယ်မှာ တွေ့ခဲ့တာက စည်းမျဉ်းစည်းကမ်းနဲ့ညီညွတ်အောင် ဆောင်ရွက်နိုင်တာကို အားနည်းတာတွေ့ရတာပေါ့”

ပေါက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူး ဒေါ်ဇင်မာသက်ကတော့ သူဖြေရှင်းခဲ့ရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

”ကျမတို့ လေးနာရီခွဲလောက်က သတင်းရတာပေါ့‌နော်၊ သတင်းရတာနဲ့ ကျမတို့ ဒီကျွန်းရင်း အုပ်စုကိုသွားဖို့ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တစ်ဦးနဲ့ပေါ့ ကျမတို့ သွားတယ်ပေါ့နော်၊ ဖြေရှင်းဖို့ သွားတယ်၊ သွားတဲ့အခါ ကျတော့ ဒီအဝှါက ကျေးရွာနေ ဒီကျေးရွာနေ ပြည်သူတွေကနေပြီးတော့မှ ဒီမဲပုံးထဲကမဲတွေ ဟာသူတို့က ဟိုပေါ့‌နော် သူတို့က သံသယ ရှိနေတာပေါ့၊ ရှိနေတဲ့အတွက်ကြောင့်မိုလို့ ဒီမဲပုံးတွေထဲက မဲတွေအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုပြီး သူတို့က ပြောတာပေါ့နော်၊ ပြောတော့ကျမတို့က ဥက္ကဋ္ဌကြီးရော၊ ကျမတို့ရော အဖွဲ့ဝင်သုံးဦးစလုံးရဲ့ ဆန္ဒအရ ကျမတို့က ဒီဥစ္စာကို အသုံးမပြုတဲ့မဲအဖြစ် ကျမတို့ အများက လက်မခံနိုင်လို့ရှိရင် အသုံးမပြု တော့တဲ့မဲအဖြစ် သတ်မှတ်လို့ရပါတယ်လို့ဆိုပြီးတော့ ကျမတို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမက ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သွားရောက်ဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်၊ အဲဒီလိုဖြေရှင်းတဲ့အခါမှာလည်း ပြေလည်အောင် ဖြေရှင်းတာပေါ့နော်၊ ပြေလည်အောင် ဖြေရှင်းပေးခဲ့တယ်၊ သို့သော်လည်း ဒီဖြစ်စဉ်ကို ဂဃနဏ မသိဘဲ ဝန်ထမ်းတွေကို စွပ်စွဲပြစ်တင်တာတော့ ကျမတို့ စိတ်မကောင်းဖြစ်တာပေါ့နော်”

ပြည်ခိုင်ဖြိုးပါတီကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းကျော်က မကွေးမြို့နယ် မန်ကျီးခြေထောက်ကျေးရွာမှာ မဲရုံကိုယ်စားလှယ်တွေ ဝင်ရောက်နိုင်ခွင့်မရှိလို့ သွားရောက်ဖြေရှင်းခဲ့ရတယ်လို့ ပြောပါတယ်။

“အခုက အသက်ခြောက်ဆယ်နဲ့အထက်တွေကို မဲပေးမယ့်ရက်မှာကျ တချို့က အသက်(၆၀) (၆၀)အထက်မှာသာပြောတာ သန်သန်မာမာနဲ့ ကိုယ့်ဟာကိုယ် တံဆိပ်တုံး ရိုက်နိုင်တဲ့ အနေအထားမှာရှိတယ်၊ အဲဒါကိုလည်းပဲ သူတို့က မရိုက်ခိုင်းပဲနဲ့ ဘယ်ပါတီကို မဲပေးမလဲဆိုတာ မေးတော့မေးတယ်၊ မေးပြီးမှ သူတို့ ကာယကံရှင်ကမဟုတ်ဘဲနဲ့ အဲဒီမှာရှိတဲ့ ကော်မရှင်တွေကနေပြီး တော့နှိပ်ပေးနေတယ်ပြောလို့မို့ ကျနော်ကလည်း အဲဒါကိုသွားတာ၊ အမှန်ကတော့ ကော်မရှင်ကတော့ နှိပ်ပေးစရာ အကြောင်းမရှိရဘူး၊ နောက်ဆုံးအသက်(၆၀)နဲ့အထက်သွားတယ်၊ သူကနှိပ်ဖို့အတွက် အဆင်မပြေဘူးဆိုရင်၊ သူ့မှာဆွေမျိုးသားချင်း တစ်‌ယောက်ကို ခေါ်သွားလို့ရတယ်၊ ခေါ်သွားပြီးကာမှ သူ့ကိုယ်စား နှိပ်ခိုင်းလို့ရတာပဲ၊ အခုကအဲလိုမဟုတ်ဘဲနဲ့ ကော်မရှင်ကိုယ်တိုင်ကကို နှိပ်ပေးနေတယ်ဆိုတာ အသံကြားလို့ ကျနော် ဒါကိုသွားရောက်ခြင်းဖြစ်ပါတယ်”

နေရာဒေသ‌ တော်တော်များများမှာတော့ မဲဆန္ဒလက်မှတ်တွေ အစွန်းအထင်ကြောင့် ပယ်မဲဖြစ်မှာ စိုးရိမ်ကြတာ၊ တံဆိပ်တုံးရိုက်နှိပ်ရာမှာ ဘောပင်မင်နဲ့ ခြစ်ပြီးဆန္ဒပြုမိတာ၊ စာအိတ်ပွင့်ပေါက်နေတာ စတာတွေကို ရွေးကောက်ပွဲကော်မရှင်အနေနနဲ့ တတ်နိုင်သမျှ ပယ်မဲမဖြစ်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကတော့ မဲဆန္ဒရှင်ပြည်သူတွေကို မိမိတို့ပေးလိုက်တဲ့မဲ အလဟဿ မဖြစ်အောင် ဂရုတစိုက် ဆန္ဒမဲပေးကြဖို့ တိုက်တွန်းပါတယ်။

“ကျနော်တို့ နိုဝင်ဘာ(၈)ရက်နေ့မှာပဲဖြစ်ဖြစ် မဲပေးတဲ့အခါကျရင် သေသေချာချာကို ဂရုစိုက်ပြီးတော့ကာ ဟုတ်လား ပယ်မဲမဖြစ်အောင်လို့နော် ဂရုစိုက်ပြီးပေးစေချင်ပါတယ်၊ ပယ်မဲမဖြစ်အောင် ဘယ်လိုပေးရ မတုန်းဆိုတာကိုလည်းပဲ သက်ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပုံကားချပ်တွေနဲ့တွေနဲ့ကိုပဲ သေသေချာချာကိုပဲ ပြည်သူလူထုအများသိအောင် မဲရုံကိုယ်စားလှယ်တွေသိအောင် မဲရုံမှူးတွေသိအောင် ပညာပေးထားပါတယ်၊ တိတိကျကျ မှန်မှန်ကန်ကန် ရိုးရိုးသားသားနဲ့ ပေးကြမယ်ဆိုရင် ပြဿနာဖြေရှင်း ရတာ နည်းတာပေါ့၊ မဲပေးတဲ့အခါကျရင် ကိုယ်ကြိုက်တဲ့ပါတီကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် ကြိုးစားပြီးမဲပေးကြပါ၊ မဲစာရင်းမှာပါတဲ့သူအားလုံးမဲပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”

မကွေးတိုင်းအတွင်းကမဲရုံအချို့မှာ ပြီးခဲ့တဲ့အပတ်က အငြင်းပွားခဲ့တဲ့ ကြိုတင်မဲပေးမှုကိစ္စတွေကြောင့် အာဏာပိုင်တွေဘက်က မဲရုံတွေမှာ ပိုပြီးစည်းကမ်းတကျဖြစ်အောင် လုပ်ဆောင်လာနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲပေးမှုတွေက မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူတွေ သိသိသာသာ ပိုများနေပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org