AFD ချေးငွေကို ဆိုင်းငံ့ဖို့ လွှတ်တော်ကော်မတီ အစီရင်ခံစာတင်

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြင်သစ် ဖံ့ွဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇၀ ချေးငွေရယူမယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာ တင်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ် Photo: Myanmar Union Parliament - facebook

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြင်သစ် ဖံ့ွဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇၀ ချေးငွေရယူမယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာ တင်လိုက်ပါတယ်။

ချေးငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကနေရတဲ့ အကျိုးအမြတ်နဲ့ ပြန်ဆပ်ရမှာဖြစ်ပေမယ့် ဘယ်လိုပြန်ဆပ်မယ်ဆိုတာ အပြည့်အစုံမပါတာ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေနဲ့ မတိုင်ပင်တာ စတဲ့ အချက်တွေကြောင့် ဆိုင်းငံ့သင့်ကြောင်း သဘောထားမှတ်ချက်ပေးတာလို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ချေးငွေတွေနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို တာဝန်ယူရတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အဲဒီချေးငွေကိစ္စကို ရန်ကုန်တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီချေးငွေရယူမယ့်အစီအစဉ်ကို NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် အတော်များများ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီချေးငွေရယူဖို့ လွှတ်တော် အဆုံးအဖြတ်ခံယူတဲ့ အစီအစဉ်ကို ယာယီရပ်ဆိုင်းပြီး လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း ပူုးပေါင်းကော်မတီက သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ရန်ကုန်မြို့တော်ဝန်တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီနေ့မှာ အစီရင်ခံစာ တင်သွင်းတာ ဖြစ်ပါတယ်။

အဲဒီချေးငွေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မြစ်ကမ်းပါးတစ်လျှောက် ဖံ့ွဖြိုးရေး၊ မြို့ပြယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းနဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်းတွေ၊ ပန်းခြံနဲ့ ဈေးတချို့ အဆင့်မြှင့်တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ ရှင်းလင်းပြမှာဖြစ်ပြီး အဆုံးအဖြတ်ရယူမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org