အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးသူ ၇၀၀၀ ကျော်ရှိလာ

ဆန္ဒပြနေတုန်း ပစ်ခတ်ခံရလို့ သေဆုံးရသူ အယောက် ၃ဝဝဝ နီးပါး၊ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးရတဲ့ အရပ်သား ၁၃ဝဝ ကျော်နဲ့ စစ်ကြောရေးမှာ သေဆုံးရသူတွေ၊ ဒလန်ဆိုပြီး အသတ်ခံရတဲ့သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ၊ မဟာဓမ္မရံသီဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းဆောင်အား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ် ရုပ်အလောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

စစ်တပ်က အာဏာသိမ်းပြီးနောက် သေဆုံးရတဲ့ အရပ်သားပြည်သူ ၇၀၀၀ ကျော်အထိရှိလာနေပြီလို့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က မနေ့ကထုတ်ပြန်ပါတယ်။

ဆန္ဒပြနေတုန်း ပစ်ခတ်ခံရလို့ သေဆုံးရသူ အယောက် ၃ဝဝဝ နီးပါး၊ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးရတဲ့ အရပ်သား ၁၃ဝဝ ကျော်နဲ့ စစ်ကြောရေးမှာ သေဆုံးရသူတွေ၊ ဒလန်ဆိုပြီး အသတ်ခံရတဲ့သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲမှာ သေဆုံးရတဲ့သူ ၇၀၁ ဦးအထိ ရှိတယ်လို့လည်း ISP-Myanmar ကပြောပါတယ်။

စစ်ကြောရေးနဲ့ အချုပ်စခန်းမှာလည်း ညှင်းပန်းနှိပ်စက်တာခံရလို့ သေဆုံးရတဲ့အပြင်၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လမ်းပြအဖြစ် ဖမ်းခေါ်ခံရတဲ့ ဒေသခံတွေ သတ်ဖြတ်ခံရသလို၊ စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးခံရသူတချို့ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူက အယောက် ၃၅ဝဝ ကျော်ရှိပြီး သီးခြားအတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး အယောက် ၁၅၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ISP Myanmar အနေနဲ့ သေဆုံးစာရင်းတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေ၊ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံ ကောက်ယူထားပြီး တကယ့်လက်တွေ့မှာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org