စိုက်ပျိုးစရိတ်ချေးငွေ မရရှိသေးလို့ တောင်သူတွေအခက်တွေ့
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာ (၃၀) လောက် စိုက်ပျိုးစရိတ်ချေးငွေ မရရှိသေးတာကြောင့် ဒေသခံ တောင်သူတွေ ထွန်ယက် စိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။
- 2012-08-16
-
-
-
ပေါင်းတည်မြို့မှာ ကျေးရွာအုပ်စုပေါင်း (၅၀) ကျော်ရှိပြီး အုပ်စု (၂၀) လောက်ပဲ ချေးငွေရရှိသေးတယ်လို့ သိရပါတယ်။ မြန်မာ့စိုက်ပျိုးရေးဘဏ်က နှစ်စဉ် ဇွန်လမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကြွေးကျန်ရှိနေတဲ့ တောင်သူ (၃) ဦးလောက်ကို အကြောင်းပြပြီး အခုချိန်ထိ မပေးသေးဘူးလို့ ရွာသစ်ကြီးကျေးရွာက တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ပေါင်းတည် ရွာသစ်ကြီးအုပ်စုမှာ လယ်သမား ၂၀၀ လောက်ရှိတယ်။ ဒီနေ့အထိ စိုက်ပျိုးစရိတ် မရသေးဘူး။ ချေးငွေမကျေဘူး အကြောင်းပြချက်နဲ့ကျွန်တော်တို့ကို ထုတ်မပေးဘူး။ ကျွန်တော်တို့လယ်သမား အများစုကတော့ ဧပြီလကတည်းက ကျေနေပြီ။ အဲတာ အခုဘဏ်ကော်မတီတို့သူတို့က ဘဏ်ဝန်ထမ်းတွေနဲ့ပေါင်းပြီး သူတို့က သုံးထားတာ၊ သုံးဦးလောက်ပဲ ကျန်နေတာ၊ သုံးဦးကလည်း သိန်းသုံးဆယ်လောက် ကျန်နေတယ်။ အဲတာကြောင့် ကျွန်တော်တို့ကို ထုတ်မပေးတာ။ ခဏ ခဏ သွားမေးနေတာပဲ။ မကျေတဲ့အတွက် မပေးနိုင်သေးဘူး။ ကြွေးကျန်တွေ တောင်းတုန်းပဲဆိုပြီး သူတို့က အကြောင်းပြန်တယ်။ အခုတော့ ရှိတာလေးတွေ ပေါင်နှံပြီးတော့ လုပ်နေရတာပေါ့။ အတိုးရင်းနဲ့ချေးပြီး အပြင်မှာချေးပြီး အဲဒီလို လုပ်နေရတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်တဲ့ လူတွေပဲ ကျန်နေတယ်။ ဘဏ်ကော်မတီတို့ဘာတို့"
ဒီကိစ္စနဲ့ ပတ်သက်လို့ ပေါင်းတည်မြို့ မြန်မာ့ စိုက်ပျိုးရေးဘဏ်ကို RFA က ဆက်သွယ် မေးမြန်းရာမှာ တောင်သူတွေကို ချေးငွေ ထုတ်မပေးသေးတာဟာ ဘဏ်ရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီတာကြောင့်လို့ ဘဏ်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"မှန်မှန်ကန်ကန်တော့ ဖြစ်ရမယ်ပေါ့၊ မြေစာရင်းနဲ့စိုက်ပျိုးရေးနဲ့မြေစာရင်းနဲ့မြေယာဧက မှန်ကန်တယ်လို့အတည်ပြုပေးမယ်။ စိုက်ပျိုးရေးကလည်း ဒီလယ်ယာတွေပေါ်မှာ တကယ် မှန်ကန် စိုက်ပျိုးပါတယ်လို့မှန်ကန်တဲ့ တောင်သူတွေကတော့
မချေးပေးစရာ အကြောင်းမရှိဘူးလေ။ ဌာနရဲ့ညွန်ကြားချက်အရ တစ်မြို့နယ်လုံးမှာ တစ်ယောက်ကျန်လို့ရှိရင် ငွေမချေးပေးရဘူး ဆိုတဲ့ မူရှိတာပေါ့နော်။ ရှိတဲ့အခါကျတော့ အစ်မတို့တစ်မြို့နယ်လုံး မချေးခဲ့ရဘူး။ မေမှာလည်း မချေးခဲ့ရဘူး။
ဇွန်မှာလည်း မချေးခဲ့ရဘူးပေါ့နော်။ ဇူလိုင်လ ရောက်ပြီဆိုတော့မှ ကျေတဲ့အုပ်စုတွေ ချေးပေးပါဆို၊ ကျေတဲ့အုပ်စုတွေ ခွဲချေးပေးရတာပေါ့။ ကျေတဲ့အုပ်စုတွေ ခွဲချေးပြီးတော့မှ ပြီးသွားရင် မကျေတဲ့အုပ်စုတွေထဲက ဆယ်လယ်စုတွေအလိုက်
ချေးတော့မှာလေ။ ဆယ်လယ်စုတွေထဲမှာ ဆယ်ယောက်တစ်ဖွဲ့ထဲမှာ တစ်ယောက်ကျန်ရင်တော့ အကြွေးကျန် တစ်ယောက်ရှိရင်တော့ အဲဒီဆယ်လယ်စုကို ထားပြီးချေးပေးရမှာ"
အခုနှစ်အတွင်း ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း စိုက်ပျိုး စရိတ်ချေးငွေ မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
မြန်မာ့ စိုက်ပျိုးရေးဘဏ်ဟာ ပြီးခဲ့တဲ့နှစ်တွေက လယ်တစ်ဧကကို ငွေကျပ် နှစ်သောင်းနှုန်း စိုက်ပျိုးစရိတ် ထုတ်ချေးခဲ့တာ ဖြစ်ပြီး အခုနှစ်မှာ တစ်ဧကကို ငွေကျပ် ငါးသောင်းနှုန်းအထိ တိုးမြှင့်လိုက်တဲ့အတွက် တောင်သူ လယ်သမားတွေရဲ့ ငွေချေးယူမှု ပမာဏ ပိုများလာပြီး ဘဏ်တွေအနေနဲ့ ချေးငွေ အလုံအလောက် ထုတ်ပေးနိုင်မှု မရှိတော့ဘူးလို့ သိရပါတယ်။