ဦးလဖိုင်ဂမ် အပြစ်မရှိတဲ့အတွက် လွှတ်ပေးဖို့ ရှေ့နေတောင်းဆို
၂၀၁၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ဖောက်ခွဲမှု နဲ့ ထောင်ဒါဏ် ၈ နှစ် ချမှတ်ခံထားရတဲ့ ဦးလဖိုင်ဂမ်ဟာ လက်ရှိအချိန်မှာ ကျန်းမာရေးဆိုးဝါးနေတဲ့အတွက် လုံလောက်တဲ့ ဆေးကုသ မှုပေးဖို့နဲ့ မတရားစွပ်စွဲပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့အတွက် သူ့ကိုလွှတ်ပေးဖို့ အစိုးရထံ တင်ပြတောင်းဆို ထားကြောင်း ရှေ့နေက ပြောပါတယ်။
-
2017-04-07 -
-
-
၂၀၁၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ဖောက်ခွဲမှုနဲ့ ထောင်ဒါဏ် ၈ နှစ် ချမှတ်ခံထားရတဲ့ ဦးလဖိုင်ဂမ်ဟာ လက်ရှိအချိန် မှာ ကျန်းမာရေးဆိုးဝါးနေတဲ့ အတွက် လုံလောက်တဲ့ဆေးကုသမှုပေးဖို့နဲ့ မတရားစွပ်စွဲပြီး ပြစ်ဒဏ်ချမှတ်ခံထား ရတဲ့အတွက် သူ့ကို လွှတ်ပေးဖို့ အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ရှေ့နေက ပြောပါတယ်။
ဦးလဖိုင်ဂမ်ရဲ့ရှေ့နေ ဦးမာခါးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့တောင်းဆို ထားတယ်လို့ ပြောပါတယ်။
"ဦးလဖိုင်ဂမ်ကို အခု NLD အစိုးရ ဒီမိုကရေစီအစိုးရတက်တဲ့အချိန် ပြီးခဲ့တဲ့လကပဲ ဒေါ်အောင်ဆန်း စုကြည်ထံ စာရေးပြီး အကူအညီတောင်းခံပေးပို့ခဲ့တဲ့ ဦးလဖိုင်ဂမ်ကို ပြန်လွှတ်ပေးဖို့ လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ပေါ့နော်၊ ဒါပေမဲ့ ပြန်စာတောင် မလာခဲ့ဘူး"
၂၀၁၂ ခုနှစ်မှာ ဦးလဖိုင်ဂမ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ဖောက်ခွဲမှု ၄ မှုတို့နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာဖြစ် ပါတယ်။ အယူခံလျှောက်ထားရာမှာ ဖောက်ခွဲမှု ၂ မှုနဲ့ ပုဒ်မ ၁၇ (၁) တို့ကို တရားသေလွှတ်ပေးခဲ့ကာ ကျန်ဖောက်ခွဲမှု ၂ မှုအတွက် ထောင်ဒါဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဦးလဖိုင်ဂမ်ဟာ လတ်တလောမှာ အူကျရောဂါ ၊ အစာအိမ်ရောနဲ့ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသနေရတာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။
မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်တာတွေအပြင် လိင်တူပြုကျင့်ခံရတာတွေပါရှိနေခဲ့ကြောင်း ရှေ့နေ ဦးမာခါးကပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံထားရတဲ့ ဦးလဖိုင်ဂမ်ကို လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးမာခါးက ပြောပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကလည်း ဦးလဖိုင်ဂမ်ကို လွှတ်ပေးဖို့ နဲ့ ဆေးဝါးကုသခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဦးလဖိုင်ဂမ် အကျဉ်းထောင်အတွင်းမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ စတာတွေကိုလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုထားပါတယ်။