စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အတွက် ဆက်လက်ကူညီဖို့ တောင်းဆို
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း က စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အတွက် လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက် ပံ့ပိုးပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
-
2015-06-09 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပံ့ပိုးပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ က ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ကချင်ငြိမ်းချမ်းရေးကွန်ရက်က နိုင်ငံတကာ သံတမန်တွေနဲ့ အဖွဲ့အစည်းတွေ ကို ဖိတ်ကြားပြီး ဒုက္ခသည်တွေကို နိုင်ငံတကာအကူအညီတွေ ဆက်လက်ပေးဖို့တင်ပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီတွေ ထက်ဝက်လျှော့ချလိုက်တဲ့အတွက် အခက်အခဲဖြစ်နေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။
"ငတ်သေတဲ့ပုံစံမျိုး ထွက်မှာမဟုတ်ဘူး၊ ဥပမာ ဝမ်းလျောပြီးသေတာမျိုး ဖျားပြီးသေတာမျိုးကတော့ အများကြီးထွက်လာဖို့ရှိတယ်၊ အခုလောလောဆယ် သူတို့က တစ်ယောက်ကို တစ်နေ့ ၄ဝဝ ကျပ်နှုန်းဆိုတာ တစ်လကို ဆန် ၆ ပြည်နဲ့ ၆ လုံးရသေးတယ်ပေါ့၊ ဒါပေမဲ့ နောက်လကနေစပြီး သူတို့ဆန် ၃ ပြည်ပဲ ရတော့မယ်လို့ ပြောတဲ့အခါမှာ ဒီဆန် ၃ ပြည်နဲ့ လူတစ်ယောက်ဟာ ဘာနဲ့ရောစားရမလဲ၊ ဗိုက်ဆာ လို့ သေတယ်လို့တော့မပြောဘူး၊ သို့သော်လည်း ဒီလိုငှက်ဖျားမိလို့ဆိုတဲ့ ပုံစံမျိုးပဲဖြစ်မှာပဲ၊ ပြီးရင် ရင်ကျပ်ပြီးသေတာမျိုးကတော့ ချက်ချင်းဖြစ်ဖို့ရှိပါတယ်"
ကချင်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၇၂ ခုရှိပြီး လူဦးရေတစ်သိန်းကျော်ရှိပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေက သူတို့ထောက်ပံ့နေတဲ့ အကူအညီကို အခုဇွန်လကစပြီး ထက်ဝက်လျှော့ချသွားမှာဖြစ် တာကြောင့် ပြည်တွင်းပြည်ပအကူအညီတွေရရှိဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ က အခုလိုကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
Micasa ဟိုတယ်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ အခမ်းအနားကို စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေလည်း တက်ရောက်ခဲ့ပြီး သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာသံတမန်တွေနဲ့ အဖွဲ့အစည်းတွေထံ တင်ပြခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ဂွန်ဂျာကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။