မြ၀တီမြို့စောင့်တပ်မှာ ကရင် အလံလွှင့်ထူပြီးနောက် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်

မြဝတီမြို့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခလရ (၂၇၅) စစ်ကောင်စီတပ်ရင်းအနီးကို လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပါတယ်။

မြဝတီမြို့မှ စစ်ကောင်စီတပ်၏ သင်္ဃန်းညီနောင်အခြေစိုက် ခလရ (၂၇၅) အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် သိမ်းယူခဲ့သည့် လက်နက်ခဲယမ်းများကို KNU မှ ထုတ်ပြန်ခဲ့စဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

(Update: 10:55 pm April 16, 2024)

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခလရ (၂၇၅) စစ်ကောင်စီတပ်ရင်းအနီးကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Reporters သတင်းက ဖော်ပြပါတယ်။

ခလရ (၂၇၅) တပ်ရင်းမှာ ကရင် အလံလွှင့်ထူပြီး နောက်တစ်နေ့မှာ စစ်ကောင်စီက MIG-29 ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတွေကိုတော့ မသိရသေးပါဘူး။

မဲဆောက်မြို့က အမည်မဖော်လိုတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက… KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ ခလရ ၂၇၅ တပ်စခန်း ပြန်ရဖို့နဲ့ ထွက်ပြေးပုန်းရှောင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ကယ်တင်ဖို့အတွက် စစ်ကောင်စီက မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က သံချပ်ကာကားတွေ စေလွှတ်ထားသလို လေကြောင်းကလည်း တိုက်ခိုက်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။

ထွက်ပြေးပုန်းရှောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ရိက္ခာကုန်သွားလို့ လက်နက် ချရင်ချ၊ ဒါမှမဟုတ်ရင် KNLA ဘက်က စိတ်မရှည်ဘဲ တိုက်ခိုက်လာနိုင်တယ်လို့လည်း ပြောပါတယ်။

“မြန်မာစစ်တပ်တွေ အဲဒီလိုရေရှည် ခိုအောင်းနေဖို့ မဖြစ်နိုင်တဲ့အတွက် မကြာခင် တစ်ခုခုဖြစ်လာနိုင်စရာ ရှိပါတယ်။ ဒါမှမဟုတ် စားနပ်ရိက္ခာပြတ်လပ်ပြီး ထိုင်းတပ်တွေဆီမှာ လက်နက်တွေ အပ်လာနိုင်ပါတယ်”

မြ၀တီမြို့မှာတော့ ဒီနေ့မနက် ပုံမှန်အတိုင်းရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြ၀တီမှာတော့ ဒီနေ့ ပုံမှန်ပဲ။ ဘာသံမှတော့ မကြားရပါဘူး။ ပုံမှန် သွားလာနေကြပါတယ်”

ဧပြီလ ၁၃ ရက်နေ့ကတော့ မြဝတီမြို့ကို စစ်ကူလာတဲ့ တင့်ကားတွေ ပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

KNLA ပူးပေါင်းတပ်တွေက မြဝတီမြို့က စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်အခြေစိုက် တပ်ရင်းတွေကို ဧပြီလ ၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) ကိုလည်း ဧပြီလ ၁၁ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။

ဒီနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို ကရင်အမျိုးသား အစည်းအရုံး (KNU) ကို RFA က ဆက်သွယ်မေးမြန်းထားရာမှာလည်း အကြောင်းမပြန်သေးပါဘူး။

(မှတ်ချက်။ မြဝတီမြို့နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ထိုင်းတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ဖြည့်စွက်ရေးသားထားသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org