လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ပတ်အတွင်း အရပ်သား ရှစ်ဦးသေ၊ ၄၁ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နှစ်ပတ်ကျော်အတွင်း အရပ်သား ရှစ်ဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ ဒေါတမကြီးဆေးရုံအား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။ KNDF

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကနေ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း အရပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး ၄၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။

သေဆုံးထိခိုက်မှုအများဆုံးက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေလှုပ်ရှားတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာဖြစ်ပြီး နှစ်ပတ်ကျော်အတွင်း အရပ်သား နှစ်ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိခဲ့သလို ကရင်ပြည်နယ်မှာ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ထပ် KNU တပ်တွေ လှုပ်ရှားတဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာလည်း အရပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ပတ်ကျော်အတွင်း သေဆုံးထိခိုက်မှုတွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ KNU လှုပ်ရှားနယ်မြေ တွေအတွင်းဖြစ်ခဲ့ပြီး စုစုပေါင်း ငါးဦးသေဆုံးကာ ၃၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာတော့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ပတ်ကျော်အတွင်း သုံးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုတွေကို နှိမ်နင်းနေတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပိုပြီးအသုံးပြု လာပါတယ်။

RFA ရဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၈၁၆ ဦးသေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ အားလုံးမှာ ပြုလုပ်ခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org