လွိုင်ကော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်နား
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ကယားပြည်နယ် လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်တာတွေကို ခေတ္တရပ်နားထားပါတယ်။
-
RFA Burmese
2023-11-16 -
-
-
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ကယားပြည်နယ် လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်တာတွေကို ခေတ္တရပ်နားထားတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က တာဝန်ရှိသူတစ်ဦးက ဒီနေ့ RFA ကို ပြောပါတယ်။
လွိုင်ကော်မြို့မှာ ဒီနေ့ မနက် ရှစ်နာရီကစပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိနေလို့ ထိခိုက်မှုနည်းအောင် အခုလို ရပ်နားထားတာဖြစ်ပြီး အရေးပေါ် လိုအပ်လာရင် ကယ်ထုတ်ဖို့ ပြင်ဆင်တဲ့ အဖွဲ့တချို့ရှိသလို လေကြောင်းတိုက်ခိုက်မှု ငြိမ်တာနဲ့ ကယ်ထုတ်ရေးပြန်စမယ်လို့ သူက ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနေ့က မြို့ကနေ စွန့်ခွာတဲ့ အရပ်သားပြည်သူ ကားတန်းတွေကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန် တစ်နာရီနီးပါးလောက် အကာအကွယ်ယူခဲ့ရတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က တာဝန်ရှိသူက ပြောပါတယ်။
“၁၅ ရက်နေ့မှာ လူအထွက် တအားများတော့ ကားတန်းတွေ အရှည်ကြီးဖြစ်နေတာကို ဒရုန်းတွေ အရင်လာပြီးမှ လေယာဉ်နဲ့ လိုက်ပစ်တာ။ ကျည်မကုန်မချင်း ပစ်တဲ့ပုံစံမျိုးပဲ။ ဝဲလိုက်၊ ပစ်လိုက်နဲ့ လုံခြုံတဲ့ နေရာမှာ နေခဲ့ရတာ တစ်နာရီနီးပါးလောက်ရှိတယ်”
ထွက်လာတဲ့ စစ်ရှောင်ကားတန်းတွေကို လေကြောင်းက ပစ်ခတ်တာအပြင် လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် လွိုင်ကော်မြို့အထွက်မှာ ဒဏ်ရာရ၊ သေဆုံးတဲ့ ဒေသခံတွေရှိပေမယ့် ရုပ်အလောင်းတွေကို သွားမကောက်နိုင်သေးတာကြောင့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ စစ်ရှောင်အရေး ကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
ကယားပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ညောင်ရွှေနဲ့ ပင်လောင်းမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လွိုင်ကော်က စစ်ရှောင်တွေကို အဝင်မခံဘဲ တားမြစ်ထားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒေသခံ သုံးသောင်းဝန်းကျင် ပိတ်မိနေသလို မြို့ထဲမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် သေဆုံးတဲ့သူတွေ ရှိနေတာလို့ သူက ပြောပါတယ်။
ကရင်နီ လူ့ အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်တဲ့ စာရင်းအရ နိုဝင်ဘာ ၁၅ ရက်နေ့က လွိုင်ကော်မြို့မှာ လက်နက်ကြီးကြောင့် သေဆုံးသူ သုံးဦးထဲမှာ ကလေးငယ် နှစ်ဦးပါဝင်ပါတယ်။
ဒါကြောင့် တစ်လေးလုံး စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကယားပြည်နယ် လွိုင်ကော်နဲ့ ကယားနဲ့ ရှမ်း အစပ်မှာရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမှာပါ သေဆုံးတဲ့ အရပ်သား သေဆုံးမှုဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၅ ရက်နေ့အထိ ၄၂ ဦး ရှိပြီလို့ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေး ဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေ အပေါ် ထိခိုက်အောင် မလုပ်ဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။