ပေါက်တောမြို့မရဲစခန်းကို AA ထိန်းချုပ်ထားကြောင်း ဒေသခံတွေ ပြော

ပေါက်တောမြို့က ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ပါတယ်။

ပေါက်တောမြို့မရဲစခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Arakan Bay News - ABN

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ ကုလားတန်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့က ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က ညသန်းခေါင်ယံကျော်အချိန်မှာ ပေါက်တောမြို့မရဲစခန်းဘက်က လက်နက်ငယ် အချက် ၃၀ ခန့် ကြားခဲ့ရပြီးနောက် မနက်ပိုင်းမှာ အဲဒီရဲစခန်း အေအေတပ်ဖွဲ့ဝင်တွေ နေရာယူထားတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံမျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။

“ည ၁၂ နာရီလောက်မှာ သေနတ်ပစ်သံကြားတယ်။ မိုးလင်းလို့ သွားကြည့်လိုက်တော့ စခန်းမှာအေအေ က နေရာယူထားတာ မြင်ခဲ့ရတယ်။ အဲဒီရဲစခန်းမှာရဲက နှစ်ဆယ်၊ သုံးဆယ်လောက်ရှိမယ်ထင်တယ်။ ပေါက်တောမြို့ကို အေအေ ထိန်းချုပ်လိုက်ပြီလို့ အဲလိုပြောလို့ရနိုင်တယ်”

ဒီနေ့မနက် ၉ နာရီ ၄၀ မိနစ်ခန့်မှာတော့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးနဲ့ နှစ်ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့တာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဟုတ်ပါတယ် ၉ နာရီ ၄၀ လောက်ကပစ်တာပါ။ ဒဏ်ရာကတော့ တစ်ယောက်၊ နှစ်ယောက်လောက် ရတယ်ကြားတယ်။ အဓိက အဲဒီရဲစခန်းပတ်ဝန်းကျင်ကိုပစ်တာ။ ကျွန်တော်တို့ ကြားတာက အကြီးနှစ်ချက် ကြားလိုက်တယ်။ ကျန်တာကတော့ စက်သေနတ်နဲ့”

လတ်တလောမှာ ဒဏ်ရရှိသွားတဲ့သူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ပေါက်တောမြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဘက်ကရော၊ စစ်ကောင်စီဘက်ကပါ တရားဝင်တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီနေ့ နေလယ်ပိုင်းမှာတော့ ကုလားတန်မြစ်ထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ နေဗီပေါ်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောမြို့မရဲစခန်းကို အေအေ အဖွဲ့က ထိန်းချုပ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပြင် လေကြောင်းနဲ့ ရေကြောင်းကပါ ပစ်ခတ်တာတွေရှိနေတယ်ဆိုပြီး ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အေအေ အဖွဲ့က ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးပစ်နေကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ တစ်ဆင့် ဒီနေ့ ပြောဆိုပါတယ်။

ပေါက်တောမြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ စိုက်ပျိုးဘဏ်မှာရှိတဲ့ ငွေကြေးတွေကို စစ်ကောင်စီတပ်က ဇက်ရေယာဉ်တွေနဲ့ မနေ့က လာရောက်ယူဆောင်သွားတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org