လေကြောင်းတိုက်ခိုက်မှုကြောင့် တန့်ဆည်နဲ့ ရေဦးက လူတစ်သောင်းကျော် ထွက်ပြေးရ

တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်ကို စစ်တပ်က ဖေဖေဖော်ဝါရီ ၁၉ ရက်မှာ လေကြာင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနှစ်ဆယ်ခန့်က လူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် တန့်ဆည်မြို့နယ် စိန်းနန်းရွာရှိ အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်က တွေ့ရစဥ်။ Citizen Journalist

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က ဖေဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ လေကြာင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနှစ်ဆယ်ခန့်က လူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ရေးရဟတ်ယာဉ် Mi -35 တစ်စင်းနဲ့ တန့်ဆည်မြို့နယ် ရွာသာယာရွာနဲ့ ရတနာရွာကြားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် တန့်ဆည်မြို့နယ်က ကျေးရွာရှစ်ရွာနဲ့ ရေဦးမြို့နယ်က ရွာဆယ်ရွာနီးပါးက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

ရတနာရွာကို စစ်ကောင်စီတပ် အင်အားတစ်ရာကျော် ရောက်ရှိနေချိန် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဝိုင်းထားတာကြောင့် လေကြောင်းက ပစ်ကူပေးလာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက် ၁၀ နာရီလောက်မှာ Mi-35 တစ်စင်းနဲ့ လာပစ်တာ။ ရတနာရွာမှာရောက်နေတဲ့ စစ်ကြောင်းကို ဒေသ ကာကွယ်ရေးတပ်တွေက ပိတ်ထားတာလေ။ အဲဒါ သူတို့ထွက်ရအောင်လို့ လေကြောင်းပစ်ကူတောင်းတာ“

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက် ညနေအထိ ရတနာရွာထဲမှာ ဆက်ရှိနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်ရေးပဋိပက္ခ တွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်းကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org