နေပြည်တော်လေတပ်တိုက်ခိုက်မှု ၃၄ ဦး သေဆုံးခဲ့ကြောင်း BWM ထုတ်ပြန်

လေတပ်အရာရှိ သုံးဦးနဲ့ ရဲဘော် ၁၅ ဦး ထပ်မံသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ ၃၄ ဦးရှိတယ်လို့ ပြောထားပါတယ်။

နေပြည်တော်က အေလာလေတပ်စခန်းကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများကို တွေ့ရစဉ်။ Photo: Brave Warriors for Myanmar-BWM

နေပြည်တော်က အေလာလေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ သေဆုံးသူ စစ်ကောင်စီအဖွဲ့ဝင် ၃၄ ဦး ရှိသွားပြီလို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Brave Warriors for Myanmar (BWM) က ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မနက်က အေလာလေတပ်ကိုတိုက်ခိုက်မှုမှာ လေတပ်အရာရှိ လေးဦးနဲ့ အခြားအဆင့် ၁၂ ဦး ထိခိုက်သေဆုံးပြီး လေတပ်အရာရှိသုံးဦးနဲ့ အခြားအဆင့်ခုနစ်ဦးပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုကြောင့် Drone ထားရှိရာ ဂိုဒေါင်ကို ပြောင်းရွှေ့နေရာမှာ ထပ်မံပြိုကျပျက်စီးခဲ့တာကြောင့် လေတပ်အရာရှိ သုံးဦးနဲ့ ရဲဘော် ၁၅ ဦး ထပ်မံသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ ၃၄ ဦးရှိတယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

BWM အဖွဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။ ဇူလိုင်လ ၁၇ ရက်နေ့ကထုတ်တဲ့ AFP သတင်းမှာတော့ နေပြည်တော်လေတပ် တိုက်ခိုက်ခံခဲ့ရပေမဲ့ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ လုံခြုံရေးသတင်းရင်းမြစ်ကပြောတယ်လို့ ဖော်ပြထားပါတယ်။

နေပြည်တော်အေလာလေတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးခုနစ်လုံးနဲ့ပစ်ခတ်ခဲ့ရာမှာ အဆောက်အဦ လေးလုံး ပြိုကျပျက်စီးခဲ့ပြီး လက်နက်တိုက်တစ်လုံး၊ လေယာဉ်ပြုပြင်ရေးအပိုပစ္စည်းဂိုဒေါင်တွေ မီးလောင်ပျက်စီးခဲ့ပြီး အဲဒီထဲမှာ Drone နဲ့ အဆိပ်ငွေ့ ဗုံး ပြင်ဆင်တဲ့ဂိုဒေါင်ရုံတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုကြောင့် A-5 Bomber Jet Fighter တစ်စင်းနဲ့အတူ နောက်ထပ် Jet Fighter အပါအဝင် Y-12 Military Transport Aircraft တို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

နေပြည်တော် အေလာလေတပ်တိုက်ခိုက်ပစ်ခတ်မှုမှာ Brave Warriors for Myanmar (BWM)နဲ့ အတူ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF)၊ Mercury Revolution Force (MRF) အဖွဲ့တို့ ပူးပေါင်းပြီး ငါးကြိမ်မြောက်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အေလာလေတပ်ဟာ စစ်ကောင်စီက နိုင်ငံအနှံ့ကို ဗုံးကြဲတိုက်ခိုက်ရာမှာအသုံးပြုတဲ့ လေဆိပ်ဖြစ်သလို စစ်ကောင်စီရဲ့ အရာရှိစစ်ဗိုလ်ချုပ်တွေ အသုံးပြုရာလေဆိပ်လည်း ဖြစ်တဲ့အတွက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org