မြောက်ဦးမြို့နယ် မြောင်းဘွေရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးမြို့နယ် မြောင်းဘွေရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တစ်နေရာအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဥ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေရွာကို ဇန်နဝါရီလ ၁၅ ရက် ညနေ ခြောက်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူက မြောင်းဘွေရွာက အသက် ၅၅ နှစ်အရွယ် ဦးရဲကျော်သူနဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်းအောင်တို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြောင်းဘွေမှာ လေယာဉ်နဲ့ ဗုံးကြဲတော့ ကိုင်းတောရွာနားကို တစ်လုံးကျတယ်။ ပြီးရင် မြောင်းဘွေရွာထဲ တစ်လုံးကျတယ်။ မြောင်းဘွေ ရွာထဲကျတဲ့ ဗုံးကြောင့် ဦးရဲကျော်သူနဲ့ သူ့ရဲ့တူကတော့ နေရာတင် ပွဲချင်းပြီး သေသွားတယ်။ ရွာမှာ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ အကြောင်းမဲ့သက်သက် လာပစ်တာ။ ဒဏ်ရာရသူတွေလည်း ရှိတယ်”

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နောက်ထပ် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ အိမ်ခြေ ငါးရာနီးပါး၊ လူဦးရေ နှစ်ထောင်ကျော်ရှိတဲ့ မြောင်းဘွေရွာက အရပ်သား အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ မြောင်းဘွေရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တစ်ကျော့ပြန် တိုက်ပွဲဟာ နှစ်လကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်လအတွင်း RFA က ပြုစုထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ အရပ်သား ခုနစ်ဆယ်ဦးထက်မနည်း သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org