ဖာပွန်ခရိုင်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေ

(KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သားသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ မူတြော်သတင်းစဉ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သားသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ KNUက မတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၃၆ လုံးလည်း ပျက်စီးခဲ့ပါတယ်။

တစ်လအတွင်း KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၇၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၆၉ ဦးသေဆုံးပြီး ၄၉ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် KNU ဘက်ကတော့ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

နှစ်ဖက်တပ်တွေရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

KNU နယ်မြေအတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စာရင်းတွေအရ ကရင်ပြည်နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂ဝ၂၃ နှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အထိ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ရှိလာပြီဖြစ်ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org