ရွှေကူမှာ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြောင့် ရွာနှစ်ရွာမီးလောင်
ရွှေကူမြို့နယ် စီသာနဲ့ မံနားကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပါတယ်။
-
RFA Burmese
2023-04-06 -
-
-
ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်စီရှိတဲ့ စီသာနဲ့ မံနားကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၅ ရက် မနေ့က ဂျက်တိုက်လေယာဉ်တွေ အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်ပိုင်းက လေယာဉ်နှစ်စီးနဲ့ ငါးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ငါးခေါက်တောင် လာပစ်တယ်။ တစ်ခုလာရင် နှစ်စီး နှစ်စီးလာတယ်။ ညထိ လာကြဲသွားတယ်။ စီသာနဲ့ မံနား အဲနှစ်ရွာပြာကျသွားတယ်။ မြေပြင်တွေမှာလည်း မီးလိုက်ရှို့နေတာ။ မီးရှို့ပြီး မီးခိုးတက်မှ လေယာဉ်လာကြဲတယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ နေအိမ်တွေတော့ အကုန်နီးပါး သွားတာပေါ့”
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘယ်လိုနည်းနဲ့မှ အရပ်သားတွေကို ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ မနေ့က တိုက်ပွဲဖြစ်တာမရှိပေမယ့် လက်နက်ကြီးတွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းကလည်း စီသာကျေးရွာဘက်ကို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ် တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) တို့ စစ်ကြောင်းထိုး ဝင်လာတာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းအဖွဲ့တွေ အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်းဝ၊ စီသာ၊ မံနား အစရှိတဲ့ ကျေးရွာ ၁၂ ရွာက ထောင်ချီတဲ့ဒေသခံတွေ မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မတ် ၃၀ ရက် နေ့ လယ်ပိုင်းက ရွှေကူမြို့နယ် မံဝိန်းကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့ရာမှာလည်း နေအိမ် ၂၀ ကျော်မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲသတင်းတွေကို သူအနေနဲ့ မသိနိုင်ဘူးလို့ ပြောပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ရွှေကူဘက်မှာ စစ်ကောင်စီတပ်ကို PDF၊ KIA တွေ ပူပေါင်းတွေ ခုခံတဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နေ့တိုင်းလိုလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။