ကချင်က မြို့နယ်နှစ်ခုမှာ ဗုံးကြဲတိုက်ခိုက်မှု နှစ်ဦး သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ ရွှေကူမြို့နယ်တွေမှာ စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-09-20 -
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ ရွှေကူမြို့နယ်တွေမှာ စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စက်တင်ဘာလ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ် လုပ်ခဲ့ပြီး အရပ်သား သေဆုံးမှုရှိသလို စပေါ့ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ နှစ်ဦး ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆိုင်းတောင်မှာ မနေ့က လေယာဥ်ပစ်လို့ အမျိုးသားနှစ်ဦး သေတယ်။ စပေါ့ရွာဘက်လည်း လက်နက်ကြီးကျလို့ အမျိုးသား နှစ်ဦး ဒဏ်ရာရတယ်။ ဖားကန့်မြို့ပေါ်က လူတွေလည်း တိမ်းရှောင်နေကြပြီ။ မြို့ပေါ်မှာ လူတောင်သိပ်မရှိတော့ဘူး"
သေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖားကန့်နဲ့ ရွှေကူမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
"ရွှေကူမြို့နယ် ဇွပ်ရာ စစ်ဘေးဒုက္ခသည်စခန်းကို လာပစ်တာရှိတယ်။ အဲဒီမှာ ကျောင်းသားတစ်ယောက် ထိတာရှိတယ်။ ဖားကန့် ဆိုင်းတောင်ဘက်လည်း မနေ့က လေယာဉ်နဲ့ လာပစ်တာရှိတယ်။ လက်နက်ကြီးတွေ ပစ်တာရှိတယ်။ အဲဒါကြောင့် ပြည်သူထိခိုက်တာတွေရှိတယ်။ ဆိုင်းတောင် lucky man ဟိုတယ်မှာ စကစ တွေ ရှိတယ်လေ။ ဒါ့ကြောင့် တိုက်ပွဲက ဆက်ဖြစ်နေတယ်"
ရွှေကူကနေ ဗန်းမော်ကို လက်နက်နဲ့ ရိက္ခာ သယ်လာတဲ့ စစ်ကောင်စီတပ် သင်္ဘော ခြောက်စီးကို စက်တင်ဘာလ ၁၇ ရက်နေ့က ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာနဲ့ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာအနီးမှာ KIA က ပစ်ခတ်ခဲ့ပြီး သင်္ဘောပေါ်ပါတဲ့ လက်နက်၊ ရိက္ခာတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စက်တင်ဘာလ ၇ ရက်နေ့က စပြီး ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ KPDF တွေက ဝိုင်းဝန်း ပိတ်ဆို့ထားတာကြောင့် တိုက်ပွဲပြင်းထန်နေတာပါ။
ဆိုင်းတောင်ရွာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား သုံးဆယ်ကျော် သေဆုံးပြီး နေအိမ် နှစ်ရာကျော်လည်း မီးရှို့ဖျက်ဆီးခံထားရသလို ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။