လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူဒေသခံ ရှစ်ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါး အပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-02-03 -
-
-
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သင်တော၊ ဇော်ချောင်း၊ ဇီးကုန်း၊ ပင့်သာနဲ့ ညောင်ကုန်းရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁ရက် နေ့လယ်မှာ လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါး အပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အများစုဟာ အဆောက်အအုံတွေကလွင့်စင်လာတဲ့ အပိုင်းအစတွေ ထိမှန်ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေတာတော့ ရှိပါတယ်။ နာမည်တွေ အတိအကျ သိရဖို့က ခက်နေတယ်။ အသက်အရွယ်အရ ထိခိုက်ဒဏ်ရာရတဲ့ ဒဏ်ကို မခံနိုင်ကြဘူး ဖြစ်နေတယ်။ အများစုကတော့ ဗုံးတိုက်ရိုက်ထိမှန်တာမျိုး မဟုတ်ဘဲ အဆောက်အအုံကို ဗုံးကျတဲ့အချိန် အဆောက်အအုံအပိုင်းအစတွေ ထိမှန်ကြတာပါ"
RFA အနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အခြေအနေကို မသိရသေးပါဘူး။
ဒါနဲပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတိုင်းပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီကတော့ ဖေဖော်ဝါရီလ ၁ ရက်မှာ ကန့်ဘလူမြို့နယ်အတွင်း လေကြောင်းပျံသန်းတာမရှိဘူးလို့ ဖေဖော်ဝါရီလ ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံတွေကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ ရွာခြောက်ရွာက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။