လားရှိုး ကွန်ပျူတာတက္ကသိုလ်အနီး ဗုံးကြဲတိုက်ခိုက်ခံရ
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အနီးမှာ အောက်တိုဘာလ ၅ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်လုပ်သွားတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-10-06 -
-
-
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အနီးမှာ အောက်တိုဘာလ ၅ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်လုပ်သွားတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ လူသေဆုံးတာမရှိပေမဲ့ ကွန်ပျူတာတက္ကသိုလ်ထဲက နေအိမ်အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ လေကြောင်းထိုးစစ်တွေနဲ့ လားရှိုးမြို့ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာပါ။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း အရပ်သား တစ်ရာကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MNDAA က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး အပါအဝင် သုံးဦး သေဆုံးတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။