မတ္တရာမှာ ဗုံးကြဲလို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က် (Volker Turk) က မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

မန္တရာမြို့နယ် ရွာတန်းရှည်ရွာကို ၂၀၂၅ ခုနှစ် မေလ ၃ ရက်တွင် ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ Citizen Photo

မန္တလေးတိုင်း မတ္တရာမြို့နယ် ရွာတန်းရှည်ရွာကို မေလ ၃ရက် ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တာပါ။

တံတားဦးလေတပ်ကနေ လာရောက်ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တံတားဦးက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာဗျ။ သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့ အမျိုးသားတို့က သားအဖတော်တယ်”

စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေတာကြောင့် ဗုံးခိုကျင်းတွေတူးထားဖို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့  အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က် (Volker Turk) ကလည်း မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ရပ်ဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org